ondragstart="return false" onselectstart="return false"

Sunday, August 1, 2010

မသေဆုံးနိုင်သော အချစ်

ကမာပုလဲ


ရက်အင်ဒီးယန်းမလေးရဲ့
ပါးပြင်ကို နမ်းရှိုက်ချင်ရင်
ရက်အင်ဒီးယန်းသမိုင်းကို သိသင့်တယ် …။

`Bury my heart at wounded knee´
၁၉ ရာစုနှောင်းပိုင်းကာလ
အမေရိက ဆူးရက်အင်ဒီးယန်းတို့ရဲ့ဘဝ
`ဆိုးရွားလှတဲ့ ဒူးထောက်အညံ့ခံရမှုမှာ
ငါ့နှလုံးသားကို မြှုပ်နှံလိုက်တယ်´။

ဒီမြေဟာ …
ငါတို့ရဲ့ ဓားမဦးချ
ဘိုးဘွားပိုင် နယ်မြေဖြစ်တယ်၊
အကန့်အသတ်မရှိတဲ့
ငါတို့ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့
လွတ်လပ်စားကျက်မြေဖြစ်တယ်၊
ငါတို့ရဲ့ဓလေ့
ငါတို့ရဲ့မျိုးဆက်
ငါတို့ရဲ့ဘဝ
အခိုင်အမာ ယဉ်ကျေးမှုသင်္ကေတတို့ ထွန်းကားရာ …။

နယ်ချဲ့တာ နယ်ချဲ့တာပါပဲ
မတရားမှုဟာ မတရားမှုပါပဲ
ဒါနဲ့များ …
ယဉ်ကျေးမှုမြင့်မားရေးဆိုတဲ့ စကားနောက်မှာ …
ငါတို့ မြေတွေကို သိမ်းတယ်၊
ငါတို့ရဲ့ အမျိုးကောင်း သားသမီးတွေကို
ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းတယ်၊
ပြီးတော့
ငါတို့မြေကိုပဲ ငါတို့ကို
(မဖြစ်စလောက်)
ခွဲတမ်းချပေးတယ်၊
ပြီးတော့ အဓမ္မပြန်ဝယ်တယ်။
ငါတို့ အင်ဒီးယန်းတွေမှာ
လူတဦးချင်းအတွက်
ကိုယ်ပိုင်သတ်မှတ်ထားတဲ့
ပုဂ္ဂလပိုင်မြေဆိုတာ မရှိဘူး၊
ပြီးတော့
ငါတို့ရဲ့ အင်ဒီးယန်းစကားပုံက
`အဝေးကနေ
သတ္တိရှိပြနေလို့ရတယ်၊
အန္တရာယ်လည်း ကင်းတာပေါ့´ တဲ့
ဒါဟာ
သတ္တိပျက် သီလကြောင်တွေအတွက်
ငါတို့ ဘိုး၊ ဘေးတွေ ပြောခဲ့တဲ့ ထာဝရစကားဖြစ်တယ်။

ငါတို့ရဲ့ ခေါင်းဆောင်စစ်စစ်က
ယန်းကီးတွေပေးတဲ့
အမဲသား အပုပ်နည်းနည်း
စောင် အပေါက်များများ တထည်
ဆေးရွက်ကြီး နည်းနည်းရာရှင်ကို မယူခဲ့ဘူး၊
အားမတန်ပေမယ့် မာန်မလျှော့ခဲ့ဘူး၊
နောက်ဆုံးကျည်ဆံကို ရန်သူ့ကိုပစ်ရင်း
ရန်သူ့ကျည်ဆံတွေနဲ့
ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့လေတယ် …။

သား …
ရက်အင်ဒီးယန်းမလေးရဲ့ ပါးပြင်နုနုကို
ထာဝရ နမ်းရှိုက်သိမ်းပိုက်ထားချင်ရင်
မင်းဘက်က
ရက်အင်ဒီးယန်းသမိုင်းစစ်စစ်ကို
သိထားဖို့တော့ လိုလိမ့်မယ် …
ဒါမှ
သူ့နှလုံးသားစစ်စစ်ကို
မင်းဘက်က စာနာနားလည်နိုင်မယ်လေ …။ ။

ကမာပုလဲ
၃၁၊ ၀၇၊ ၂၀၁၀

ဝန်ခံချက် ။ ။ ၂၈၊ ၇၊ ၂၀၁၀ နေ့က 5- Movies တွင် ကြည့်ခွင့်ရခဲ့သော အမေရိက ဆူးရက်အင်ဒီးယန်းတို့၏ သမိုင်းအဖြစ်မှန် နောက်ခံ `Bury my heart at wounded knee´ ရုပ်ရှင်ဇာတ်ကားကို ခံစားရေးဖွဲ့ပါသည်။
http://drlunswe.blogspot.com/မှ ရယူသည်။

No comments:

Post a Comment