ondragstart="return false" onselectstart="return false"

Wednesday, August 4, 2010

ကရင် အပစ်ရပ်အဖွဲ့များ တပ်ပြင်ပတွင် လက်နက် မကိုင်ရ

ဘစောတင် Wednesday, August 04, 2010

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အားလုံးကို သက်ဆိုင်ရာ တပ်များမှ ပြင်ပသို့ သွားလာ ရာတွင် ယူနီဖောင်း ၀တ်ဆင်ခြင်းနှင့် လက်နက် ကိုင်ဆောင်ခြင်းတို့ကို ယမန်နေ့မှစ၍ တားမြစ်သည့်အမိန့် ထုတ်ပြန်လိုက် ကြောင်း သတင်း ရရှိသည်။

စစ်ရေးပြပွဲတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

ယခုအမိန့်သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူထားသော လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

“DKBA အပါအ၀င် ငြိမ်းအဖွဲ့ဝင်တွေ အားလုံး ပြင်ပကို သွားတဲ့အခါ အရပ်ဝတ်နဲ့ပဲ သွားရမယ်၊ ယူနီးဖောင်း ၀တ်မသွားရဘူး၊ ဘာလက်နက်မှ မယူရဘူးဆိုပြီး မနေ့က စစ်အစိုးရရဲ့ ဗျူဟာမှူးရုံးက အမိန့်စာလာတယ်။ မနေ့က ငြိမ်းအဖွဲ့စုံက လူကြီးတွေနဲ့ တိုင်းကလူကြီးတွေ အစည်းအဝေးလုပ်ရာမှာ အခုလို အမိန့်ထုတ်သွားတယ်”ဟု DKBA တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် DKBA မှ အရာရှိများ၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီ ((KNU/KNLA) အဖွဲ့မှ အရာရှိများသည် မြ၀တီခရိုင်ရုံးတွင် သြဂုတ်လ ၂ ရက်နေ့က အစည်း အဝေး ပြုလုပ်ခဲ့ကြပြီးနောက် ဤအမိန့် ထွက်လာခြင်းဖြစ်ကြောင်း၊ ယင်းအမိန့် ထွက်လာခြင်းသည် မိမိတို့၏ လုပ်ပိုင်ခွင့်၊ လွတ်လပ် ခွင့်များကို လုံးဝ ထိန်းချုပ်လိုက်သကဲ့သို့ ဖြစ်ခြင်းကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များက လိုက်နာလိုခြင်း မရှိကြောင်း သိရသည်။

ငြိမ်းအဖွဲ့ဝင်များကို ကန့်သတ်ခြင်းမှာ DKBA တပ်ဖွဲ့ဝင်များသည် လက်နက် အပြည့်အစုံဖြင့် မကြာခဏ ထွက်ပြေးကာ ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် ပူးပေါင်းသောကြောင့် DKBA လူကြီးများ ကိုယ်တိုင် အဆိုပါအမိန့်ကို လက်ခံခြင်း ဖြစ်နိုင် သည်ဟု DKBA နှင့် နီးစပ်သူများက ပြောသည်။

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောတူထားသော အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ကို သြဂုတ်လ ၅ ရက်နေ့တွင် မော်လမြိုင်သို့ အရောက်လာရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ ဆင့်ခေါ်ထားသည်ဟုလည်း သိရသည်။

“ကိုးသုံးလုံးက ဗိုလ်စောချစ်သူရယ်၊ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၈)က ဗိုလ်မှူးချုပ် သိန်းစိုးရယ်ကို တိုင်းစစ်ဌာနချုပ်က စာရွက်စာတမ်း အစုံအလင်ယူပြီး မနက်ဖြန် ရတခ ကို အရောက် လာဖို့ ညွှန်ကြားထားတယ်၊ နယ်ခြားစောင့်အတွက် အပြီးသတ် ဆွေးနွေးမယ့် သဘောပေါ့၊ ပြီးတော့ အဲဒီ အစည်း အဝေးမှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းတဲ့ ဗိုလ်နှုတ်ခမ်းမွေး တပ်ကိုလည်း တိုက်ဖို့ ဖိအားပေး နိုင်တယ်”ဟု DKBA တာဝန်ရှိသူ တဦးက ပြောသည်။

DKBA တပ်ဖွဲ့ဝင်တချို့သည် KNU ထံသို့ ယခုရက်အတွင်း လာရောက် လက်နက်ချ ပူးပေါင်းကြကြောင်း KNU အရာရှိ တဦးက ပြောဆိုသည်။

“DKBA အမှတ် (၉၀၂) တပ်က တပ်သား ၇ ယောက် စစ်လက်နက် အပြည့်အစုံနဲ့ KNU တပ်မဟာ (၆) တပ်ရင်း (၁၈) မှာ သြဂုတ်လ ၃ ရက်နေ့က လာရောက်လက်နက်ချတယ်”ဟု တပ်မဟာ (၆) ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ပြောသည်။ မည်သည့် လက်နက်များ ယူဆောင်လာသည်ကို အတိအကျ မပြောနိုင်သေးဟု ၎င်းက ဆိုသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့သည်။

ယခုချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ(၂) (ကလလတ)၊ ကိုးကန့် အထူးဒေသ(၁) တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

DKBA အတွင်း နအဖ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံသူနှင့် လက်မခံသူဟူ၍ နှစ်ခြမ်းကွဲခဲ့ သည်။ DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ခေါင်းဆောင်သော တပ်က နယ်ခြားစောင့်တပ်ဖွဲ့ရန် အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ဗိုလ်မှူးကြီး စောချစ်သူတို့ အဖွဲ့ကမူ နယ်ခြားစောင့်တပ်ဖွဲ့ရန် သဘောတူကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေကြသည့် အပစ်ရပ်အဖွဲ့များမှာ 'ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ SSA – N မှ တပ်မဟာ (၁) နှင့် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ ဖြစ်ကြသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
http://www.irrawaddy.org/bur/index.php/news/1-news/3767-2010-08-04-11-03-02

No comments:

Post a Comment