ondragstart="return false" onselectstart="return false"

Friday, August 13, 2010

မဲဆန္ဒနယ်မြေများ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် သတ်မှတ်

စိုးမိုး / ၁၂ သြဂုတ် ၂၀၁၀

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံအတိုင်း မဲဆန္ဒနယ်များ သတ်မှတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံပိုင်မီဒီယာများမှ ယနေ့ထုတ်ပြန်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) အတွက် အရပ်သားကိုယ်စားလှယ် (၃၃၀) ဟု သတ်မှတ်ထားပြီး ယင်းအရပ်သား ကိုယ်စားလှယ်များအတွက် ပြည်နယ်နှင့်တိုင်းအလိုက် မြို့နယ်စုစုပေါင်း (၃၃၀) ကို တမြို့နယ်လျှင် မဲဆန္ဒနယ်မြေ (၁) ခုစီအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“အခုက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ခွဲလိုက်တာ။ အောက်လွှတ်တော် အရပ်သားကိုယ်စားလှယ် (၃၃၀) အတွက် မဲဆန္ဒနယ်မြေ (၃၃၀) ပေါ့။ အဲဒါကို တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တခုကို မဲဆန္ဒတခုအဖြစ် ခွဲလိုက်တာပဲ” ဟု မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတဦးက ပြောကြားသည်။

ယခု မဲဆန္ဒနယ်မြေ သတ်မှတ်ချက်အရ မြို့နယ်တခုချင်းစီက အရပ်သား အောက်လွှတ်တော် အမတ်တဦးစီကို ပြည်သူလူထုက ရွေးချယ်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သူများက အမတ်နေရာ (၃၃၀) ကို ယှဉ်ပြိုင် ရွေးကောက်ခံရမည်ဖြစ်ပြီး စစ်ဗိုလ်အမတ် (၁၁၀) ကို စစ်ဦးစီးချုပ်မှ အောက်လွှတ်တော်အမတ်အဖြစ် တိုက်ရိုက်ခန့်မည်ဖြစ်သည်။

အသစ်တည်ထောင်သည့် မြို့တော်သစ် နေပြည်တော်ကို မြို့နယ် (၅ ) ခုဖြင့် ခွဲလိုက်ပြီး မန္တလေးတိုင်းအတွင်း ပါဝင်သည့် မဲဆန္ဒနယ် (၅) ခုအဖြစ် သတ်မှတ်သည့်အတွက် မန္တလေးတိုင်းက ယခင် (၃၁) မြို့နယ်ရှိရာမှ ယခု (၃၆) မြို့နယ် ရှိသွားသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် (၁၈)၊ ကယားပြည်နယ် (၇)၊ ကရင်ပြည်နယ် (၇)၊ ချင်းပြည်နယ် (၉)၊ စစ်ကိုင်းတိုင်း (၃၇)၊ တနင်္သာရီတိုင်း (၁၀)၊ ပဲခူးတိုင်း (၂၈)၊ မကွေးတိုင်း (၂၅)၊ မန္တလေးတိုင်း (၃၆)၊ မွန်ပြည်နယ် (၁၀)၊ ရခိုင်ပြည်နယ် (၁၇)၊ ရန်ကုန်တိုင်း (၄၅)၊ ရှမ်းပြည်နယ် (၅၅)၊ ဧရာဝတီတိုင်း (၂၆) နေရာတို့ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံး မြို့နယ်ပေါင်း (၃၂၅) မြို့နယ်၊ မဲဆန္ဒနယ်မြေ (၄၉၂) နေရာ ရှိခဲ့ပြီး ယခု ၂၀၁၀ ရွေးကောက်ပွဲက မြို့နယ်ပေါင်း (၃၃၀)၊ မဲဆန္ဒနယ်မြေ (၃၃၀) သာရှိရာ မြို့နယ် (၅) ခု တိုးပြီး မဲဆန္ဒနယ်မြေ (၁၆၂) နေရာ လျော့သွားခြင်းဖြစ်သည်။
http://www.khitpyaing.org/index.php?route=detail&id=3460

No comments:

Post a Comment