ondragstart="return false" onselectstart="return false"

Sunday, August 15, 2010

နေပြည်တော်(၄)

ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက် နေပါတယ်။ ဒီတပတ်မှာတော့ အခု စစ်အစိုးရလက်ထက်မှာ ဘာဖြစ်လို့ "နေပြည်တော်"ဆိုပြီး မြို့တော်အသစ် ပြောင်းရွှေ့ရတယ်ဆိုတဲ့ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။

စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော်ကို မြန်မာစစ်အစိုးရက မြို့တော်သစ် ပြောင်းရွှေ့ရတဲ့ အကြောင်းကို ပထမပိုင်း နိုင်ငံရေး-စစ်ရေးအကြောင်းပြချက်နဲ့ သုံးသပ်ရာမှာ အဓိကအကြောင်းအချက် ၃- ချက်ကို ဆွေးနွေးထား ပါတယ်။ အဲဒီအချက်တွေ မဆွေးနွေးခင်၊ သူက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေး အပေါ် ရှုမြင်ပုံ၊ အာဏာအပေါ် ရှုမြင်ပုံတွေကို တင်ပြပါတယ်။ မြန်မာစစ်အစိုးရက တို့တာဝန်အရေး ၃-ပါး ဆိုပြီး "ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည် တံ့ခိုင်မြဲ ရေး"လို့ ပြောနေပေမယ့် အမှန်မှာတော့ စစ်ခေါင်းဆောင် အဆက်ဆက်က သူတို့အာဏာနဲ့ပတ်သက်ရင် ရှုမြင်ပုံက အကန့်အသတ်ရှိတယ်လို့ မြင်ပါတယ်၊ သူတို့အာဏာနဲ့ စင်ပြိုင်ဖြစ်လာမယ့် သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုးကို မထားလိုကြပါဘူး၊ ကြီးထွား ရှင်သန်ခွင့် မပေးလိုကြပါဘူး၊ တလျှောက်လုံးမှာလည်း ပြည်တွင်း ပြည်ပက အာခံလာမယ့်ရန်၊ ဝင်ပြီး စွက်ဖက်မယ့် အရေးတွေ ကိုလည်း အထူးစိုးရိမ်ကဲနေကြပါတယ်၊ ဒါကြောင့်ပဲ ပြည်ပအားကိုး ပုဆိန်ရိုးတို့၊ ရုပ်သေး စသဖြင့် ကြွေးကြော်သံတွေ ဖြစ်လာရတာပါ၊ တဖက်မှာ ဗဟို ချုပ်ကိုင်မှုကို အလွန်အကျူး ထိန်းသိမ်းထားခြင်ပြီးတော့၊ တိုင်းရင်းသားတွေဆိုရင်လည်း အမြဲ သံသယ မယုံသင်္ကာစိတ်နဲ့ ကြည့်တတ်ကြပါတယ်။ အာဏာကို ခွဲဝေဖြန့်ဖြူးပေးဖို့ စဉ်းစားလေ့ မရှိကြပါဘူး။ တိုင်းရင်းသား တွေက သူတို့ မွေးရာပါ အခွင့်အရေးတောင်းတာတောင် နိုင်ငံရေး-လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ မြင်လေ့ ရှိပါတယ်။

အဲသည်တော့ စာရေးသူ ဒူယာပက် သုံးသပ်ထားတာကတော့ မြို့တော်သစ် ရွှေ့ရတဲ့ ပထမအကြောင်းရင်းက နိုင်ငံရေးအရ အုံºကွမှုတွေ၊ လူထုဆန့်ကျင် ဆန္ဒပြမှုတွေကို ရှောင်လွှဲနိုင်အောင် ရည်ရွယ်တာလို့ ဆိုပါတယ်။ စစ်အစိုးရ အုပ်ချုပ်ရေး တလျှောက်လုံးမှာ ထစ်ကနဲဆို ဆန္ဒပြပွဲတွေ၊ လူထု ဆူပူအုံကြွမှုတွေက ရန်ကုန်မှာ ဖြစ် ပေါ်နေကြတာပါ။ စာရေးဆရာက ၁၉၆၂၊ ၁၉၇၄၊ ၈၈ လူထုဆန္ဒပြပွဲတွေအကြောင်း သက်သေအဖြစ် ဖော်ပြပါ တယ်။ တဖက်မှာလည်း သွေးထွက်သံယို ဗုံးပေါက်ကွဲမှုတွေ၊ အကြမ်းဖက် ဗုံးထောင်တိုက်ခိုက်မှုတွေက ရန်ကုန် မှာ အဖြစ်များပါတယ်။ အဲသည်တော့ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ ဝေးရာကို ရွှေ့တယ်လို့ ဆိုပါတယ်။ အစီ အစဉ်တကျ လုပ်နိုင်မယ့်၊ ပိုလို့ထိန်းချုပ်နိုင်မယ့် နေရာမျိုးကို ရှာဖွေတာလို့ပြောပါတယ်။

ဒုတိယအချက်ကတော့ တိုင်းရင်းသား သူပုန်ထမှုတွေရဲ့ ခြိမ်းခြောက်မှုအကြောင်းကြောင့်လို့ သူက သုံးသပ် ပါတယ်။ တိုင်းရင်းသားသူပုန်အဖွဲ့ အများစုက မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသမှာ အခြေချနေကြသလို၊ သူတို့က နိုင်ငံခြားနဲ့ ပိုဆက်စပ် ပတ်သက်နေကြတယ်၊ မယုံကြည်ရဘူးဆိုတဲ့ စိတ်လည်း ရှိနေပါတယ်။ ရန်ကုန်ကနေဆို ရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲပြီး၊ အခု ပျဉ်းမနားနေရာကနေဆိုရင် ပိုလို့ လက်လှမ်းမီနိုင်တယ်ဆိုတဲ့ စဉ်းစားချက် လည်း ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း သူက ပါမောက္ခ ဒေးဗစ်စတိုင်းဘာ့ဂ် သုံးသပ်ချက်ကို ကိုးကားပြီး စစ်အစိုးရ စဉ်းစားပုံက ခေတ်မီ အတွေးအခေါ်မျိုး မဟုတ်ဘဲ မပျော့ပြောင်း တင်းမာတယ်၊ သတ်မှတ်ထားတဲ့ နယ်နိမိတ်မျဉ်းတွေရဲ့ အလယ်ဗဟိုချက်မနေရာကို ယူမယ်၊ တိုင်းရင်းသားတွေဆိုတာက နယ်စပ်မျဉ်းအရ၊ ပထဝီအရ၊ အာဏာအရ စက်ဝိုင်းဗဟိုချက်မရဲ့ ပြင်ပမှာသာ ရှိတယ်ဆိုတဲ့ ပုံစံမျိုး စဉ်းစားချဉ်းကပ်ပုံပါ။ ဒါ ကြောင့်လည်း ပထဝီအရ ဗဟိုချက်မကျရာကို ရွေးချယ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

တတိယ နိုင်ငံရေး-လုံခြုံရေး အကြောင်းအချက်ကတော့ အမေရိကန် ရေတပ်ကြီးက ကျူးကျော်တိုက်ခိုက်လာ နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကဲလွန်းတဲ့ ခြိမ်းခြောက်မှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ တချိန်က ကူမင်တန် တပ်တွေ ကျူးကျော်ခဲ့တာကိုလည်း စိတ်က ခြောက်လှန့်နေပါတယ်။ နောက်ပိုင်းမှာလည်း ၁၉၈၈ ခုနှစ်ကာလ မှာ အမေရိကန်ရေတပ်က မြန်မာ့ရေပိုင်နက်ကို ရောက်လာတယ်ဆိုတဲ့ စစ်အစိုးရက ပြောဆိုစွပ်စွဲတာတွေ လည်း ရှိခဲ့ပါတယ်။ အဲဒါအပြင် မြန်မာစစ်အစိုးရကို ၂ဝဝ၅ ခုနှစ်မှာ သမ္မတဘုရှ်က "မင်းဆိုးမင်းညစ်တွေရဲ့ အာဏာခံကတုတ်" (Outpost of tyranny) အဖြစ် မြန်မာနိုင်ငံကို စွပ်စွဲပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အမှန်က နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ကွန်ဒိုလီဇာ ရိုက်စ် ပြောခဲ့တာပါ။ အမေရိကန်နိုင်ငံက အခြားနိုင်ငံတွေကို စစ်ရေးနဲ့ လက်တွေ့ ဝင်ရောက်စွက်ဖက်ခဲ့တော့ လည်း မြန်မာစစ်အစိုးရအဖို့ ပိုလို့ စိုးရိမ်ဖွယ်အခြေအနေ ရှိနိုင်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုကို မဖြစ်နိုင်ဖူးလို့ ယူဆကြမှာ မဟုတ်ပါဘူး။ ရန်ကုန်ဆိုရင် ရေကြောင်းကနေ အလွယ်တကူ သိမ်းပိုက်နိုင်တယ်၊ အခုလို ပျဉ်းမနားနေရာကတော့ လေယာဉ်နဲ့ ဗုံးကျဲကောင်း ကျဲနိုင်တယ်၊ ဒါပေမယ့် လက်တွေ့ ကာယကံမြောက် သိမ်းပိုက်ဖို့ကျတော့ ကုန်းတွင်းပိုင်း ဒေသ အထိကို စစ်တပ်တွေ တက် လာမှ ရမယ့် အခြေအနေပါ။ ဒီအခြေ အနေမှာ ပြည်သူ့စစ် မဟာ ဗျူဟာနဲ့ ခုခံစစ်ဆင်မယ်လို့ စဉ်းစားပြင်ဆင် နေတာလည်း ဖြစ်နိုင်ပါတယ်။ စစ်အစိုးရက ပထဝီနိုင်ငံရေး၊ ပထဝီရေး မဟာဗျူဟာကိစ္စတွေကို စဉ်းစားရင် အခြား စီးပွား၊ သံတမာန်ရေး အမြင်တွေနဲ့ စဉ်းစားတာ မဟုတ်ဘဲ၊ စစ်ရေးအမြင်ဖက်ကချည်း စဉ်းစားလေ့ ရှိတာကိုလည်း စာရေးသူက ထောက်ပြပါတယ်။

ဒါပေမယ့် နေပြည်တော်ကို ပြောင်းရွှေ့ရတဲ့အကြောင်း စဉ်းစားချက် မောင်အောင်မျိုးရေးသားပြီး၊ ၂ဝဝ၆ ခုနှစ် မှာ အာရှ သုတေသန အင်စတီကျုက ထုတ်ဝေတဲ့ စာတန်းကို ဖတ်ကြည့်တော့ သူကတော့ အချက် ၆-ချက် ခွဲ ဝေဖန်သုံးသပ် ထားတာ တွေ့ရပါတယ်။ (၁) သတင်းလုံခြုံရေး၊ (၂) စစ်ရေးနဲ့ မဟာဗျူဟာ စဉ်းစားချက်၊ (၃) ကိုယ်က ထိန်းချုပ်ထား နိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုကြောင့်၊ (၄) ကိုလိုနီ စနစ် အကျွင်းအကျန်တွေကို လမ်းခွဲ ဖယ်ရှားချင်လို့၊ (၅) ဗဟို အုပ်ချုပ်ရေးကို လူဦးရေထူထပ်တဲ့ ဒေသတွေနဲ့ ခွဲခြားထားချင်တာ၊ (၆) မြန်မာ့တွေရဲ့ ရိုးရာ အစဉ်အလာအရ ကမ္ဘာကြီးကို ရှုမြင်ပုံကြောင့်ဆိုပြီး ၆-ချက်ခွဲခြားလို့ သုံးသပ်ထားတာ ဖတ်ရပါတယ်။ စာရေးသူ ဒူယာပက်နဲ့ တူတာရှိသလို၊ ပိုလို့ ထင်သာတဲ့ အချက်တွေလည်း တွေ့ရပါတယ်။ မောင်အောင်မျိုး ကတော့ အခုမြို့တော်ပြောင်းတဲ့ကိစ္စမှာ မြန်မာတွေရဲ့ အစွဲအလမ်း ဘုန်းကံကိစ္စတွေ၊ ယတြာ ကက်ကင်းတွေ၊ တဘောင် လက်ဖွဲ့ အဆောင်တွေကိစ္စတောင် ဖြစ်နိုင်ရဲ့လို့လည်း ဆိုထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တော့ (မဆလ) တပါတီအစိုးရ မပြုတ်ကျခင်က ဖြစ်တဲ့ တဘောင်တခုက သက်ဆိုင်လေသလား၊ မသက်ဆိုင်လေသလား မသိ၊ "ကုလားဘုရား ထီးတော်တင်၊ နေမင်းကြီးလည်းဝင်" ဆိုပြီး ဖြစ်ခဲ့ဖူးပါသတဲ့၊ ဒီလိုနဲ့ အိန္ဒိယစေတီတော်ပုံ မဟာဝိဇယစေတီ ထီးတော်တင်ပြီးနောက် ဦးနေဝင်းလည်း အာဏာက ဆင်းခဲ့ရ ပါတယ်။ အဲဒါအပြင် ၁၉၉ဝ ခုနှစ်များမှာ နောက်ထပ်တဘောင်တခု ပေါ်လာတယ်လို့လည်း ဆိုပါသေးတယ်။ "စွယ်တူနှစ်ဆူ အတူတူ၊ ပြည်သူလည်းမွဲ၊ တပ်လည်းကွဲ" ဆိုတဲ့ တဘောင်ပါ။ နောက်ပိုင်းမှာ စစ်တပ်-ထောက် လှမ်းရေးတွေအကြား ကွဲကြတော့ ဒီကိစ္စတွေကိုလည်း အာဏာအတွက် ထည့်စဉ်းစားနိုင်ပါတယ်။ အဲဒါအပြင် လူအများက စွပ်စွဲနေကြသလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရင်ရူး ရူးနေတယ်ဆိုတဲ့ အချက်ကိုလည်း မဖြစ် နိုင်ဘူးလို့တော့ မဆိုနိုင်ပါဘူး။ မောင်အောင်မျိုး ဆောင်းပါးမှာပဲ ဖော်ပြထားတာက ၂ဝဝ၆ ခုနှစ်၊ နေပြည်တော် မှာ တည်ထားမယ့် ဥပ္ပါတသန္တိစေတီ အုတ်မြစ်ချတဲ့ အခမ်းအနား ဖိတ်စာမှာ ဖော်ပြထားတာက "ရာဇဌာနီ နေပြည်တော်" ဆိုပြီး နေရာကို ညွှန်းထားခဲ့ပါတယ်။ ဒီကိစ္စတွေကလည်း နေပြည်တော်ကို တထီးတနန်းတည် ချင်တဲ့ အကြောင်း ဖြစ်နိုင်ပါသေးတယ်။ နောက်တပတ်မှာတော့ အခုမြို့တော်သစ်တည်နေရာနဲ့ ကုန်းတွင်းပိုင်း ဖွံ့ဖြိုးရေးကိစ္စ ဆက်စပ်မှု ရှိနိုင်-မရှိနိုင်သုံးသပ်ချက်ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Post a Comment