ondragstart="return false" onselectstart="return false"

Wednesday, August 18, 2010

နေပြည်တော်(၆)

ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharashh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက် နေပါတယ်။ ဒီတပတ်မှာတော့ လူမှုရေး-ယဉ်ကျေးမှု ရည်ရွယ်ချက် တွေနဲ့ "နေပြည်တော်" မြို့တော်သစ်ကို ပြောင်းရွှေ့ရ တယ်ဆိုတဲ့ စာရေးသူရဲ့ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။

စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က မြန်မာစစ်အစိုးရ နေပြည်တော်ကို မြို့တော်သစ် ပြောင်းရွှေ့ရတဲ့အကြောင်း သုံးသပ် ထားတဲ့ နေရာမှာ လူမှုရေး-ယဉ်ကျေးမှုအကြောင်းပြချက်တွေလည်း ပတ်သက်နေနိုင်တယ်လို့ သုံးသပ် ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အစိုးရ အာဏာသိမ်းပြီး တက်လာတဲ့အခါမှာ သူတို့အာဏာသိမ်းတာဟာ တရားဝင်ဖြစ်ကြောင်း ပြသဖို့ လိုလာပါတယ်။ တဖက်မှာလည်း မြန်မာလူမျိုးတွေရဲ့ ဇာတိပုည ဂုဏ်မာန၊ ရှေးယခင်က ဘုရင်များရဲ့ အကြွင်းမဲ့အာဏာ ပိုင်စိုးမှု၊ တန်ခိုးသြဇာ ကြီးထွားခဲ့တဲ့ အကြောင်းတွေ၊ ယဉ်ကျေး မှုအရ တညီတညွတ်တည်း ဖြစ်ခဲ့တဲ့ သမိုင်းကိစ္စတွေနဲ့ သူတို့အခု အာဏာသိမ်းထားတာကို ဆက်စပ်ပြဖို့ လိုလာပါတယ်။ စစ်အစိုးရရဲ့ ရည်ရွယ်ချက်က (State building) လို့ ခေါ်တဲ့ နိုင်ငံတော်တခုကို စနစ်တကျ တည်ဆောက်တဲ့ ပုံသဏ္ဍာန်မျိုး မဟုတ်ပါဘူး။ စိတ်ဓာတ်ရေးရာ၊ ယဉ်ကျေးမှု၊ အတိတ်က ရွှေထီးဆောင်းခဲ့တဲ့ ကိစ္စတွေ အကြောင်းပြုလို့ သူတို့အာဏာကို ခိုင်လုံစေချင်တဲ့ သဘောပါ။ စစ်အစိုးရက ပြောနေတဲ့ ရည်ရွယ် ချက်ကြီး ၁၂ ခုထဲက လူမှုရေး ဦးတည်ချက်တွေမှာ ဆိုရင် "အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မာရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသား ရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး" စတာတွေ ပါဝင်ပါတယ်။ ဒီလို ရည်မှန်းချက်တွေကို ပြန်ကြည့်တော့လည်း ယဉ်ကျေးမှုဆိုတာက ဗမာတွေ ယဉ်ကျေးမှုကို ဦးထိပ်တင်ထားတာ၊ ယဉ်ကျေးမှုပြိုင်ပွဲတွေမှာ ကရင်-ကချင် ဝတ်စုံနဲ့ ရှေးမြန်မာသီချင်းကြီး သီချင်းခန့်ကို စောင်းနဲ့ တီးပြစေတဲ့ ယဉ်ကျေးမှုမျိုး၊ စစ်အစိုးရက ဦးဆောင်တဲ့ နိုင်ငံခြားသား မုန်းတီးရေးနဲ့ ကိုယ့်အမျိုးသားရေးကို ထူထောင်တာမျိုး ဖြစ်နေပါတယ်။

ဒီလိုကိစ္စတွေ ပြန်ဖော်ကြတဲ့အခါမှာ မြို့တော်ဆိုတာက သိပ်ပြီး အခရာ ကျပါတယ်။ အာဏာ၊ ယဉ်ကျေးမှု ကိစ္စတွေရဲ့ ဗဟိုချက်မကို ကိုယ်စားပြုသလို၊ အရင်က ဘုန်းတံခိုး သြဇာတိက္ကမကြီးခဲ့တဲ့ အင်ပိုင်ယာပြည့်ရှင် ဘုရင်တွေနဲ့ သူတို့ကို သူတို့ စစ်ခေါင်းဆောင်တွေက ပုံဖော်နိုင်ပါ သေးတယ်။ ဒီလို အကြောင်းကိစ္စတွေ ကိုတော့ စာရေးသူ ဒူယာပက် က အကြောင်းပြချက် ၃-ခု ခွဲခြားဖော်ပြပါတယ်။

ပထမအချက်က ရှေးဘုရင်တွေရဲ့ ဆက်စပ်ချင်တဲ့အကြောင်းလို့ ပြောပါတယ်။ မြန်မာနိုင်ငံက အုပ်ချုပ်သူတွေက ဘာသာရေးကိစ္စတွေနဲ့ ရှေးစဉ်လာ ဘုရင်တွေအကြောင်းတွေကို သိပ်ပြီးပြန်လည်ထူထောင်ချင်ကြတယ်လို့ ဆိုပါတယ်။ အရင် ပါတီစုံခေတ် ဝန်ကြီးချုပ်ဦးနုတုန်းကလည်း ဆဌသံဃာရနာတင်တာမျိုးလုပ်ခဲ့ပါသေးတယ်။ မင်းတုန်းမင်းကြီးလို သာသနာပြုမင်းလို့ ခံယူချင်တာမျိုးပါ။ အလားတူ ဦးနေဝင်းကလည်း မဟာဝိဇယစေတီ တည်ပြီး၊ ဘုရားထီးတော်တင် တဲ့အချိန် ၁၉၈၆ ခုနှစ်မှာ အကျဉ်းသားတွေကို ဓမ္မရာဇ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

အခု စစ်အစိုးရတက်လာတော့လည်း ယဉ်ကျေးမှုမြ‡င့်တင်ရေး ဆိုပြီး၊ ရှေးရိုး ဆင်ယင်မှုတွေနဲ့ လှေခင်းမြင်းခင်း သဘင် တွေ လုပ်ခဲ့ပါသေးတယ်။ အဲဒါအပြင် ပုဂံဘုရားပုထိုးတွေကို ပြုပြင်တာ၊ ဘုရင့်နောင်ဘုရင်ရဲ့ ကမ္ဘောဇ သာဒိနန်းတော်ကို ပြန်ဖော်ထုတ်တာ၊ ပုဂံ ပြသာဒ်တော်ကြီးဘုရား၊ နန်းမုတ်ဦးကို မွမ်းမံတာ၊ အင်းဝနန်းတော် မြို့ရိုး ပြန်ဖော်တာ၊ မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကို ပြန်ပြုပြင်တာတွေ လုပ်ခဲ့ပါတယ်။ အရင် ဆင်ဖြူရှင် နဲ့ မင်းတုန်းမင်းတို့လိုပဲ ၁၉၉၉ မှာ ရွှေတိဂုံဘုရားကို ထီးတော်ပြန်တင်ခဲ့ပါသေးတယ်။ ၂ဝဝဝ ခုနှစ်မှာကျတော့ မင်းဓမ္မ စကျင်ကျောက်နဲ့ ဗုဒ္ဓြွရုပ်ပွားတော်ကြီး တည်ပြန်ပါတယ်။ ဆင်ဖြူတော်တွေ့တယ်ဆိုပြီးတောင် ဆင်ကို ရာဇဂဟ သီရိပစ္စယာ ဂဇရာဇလို့ နာမည်ပေးခဲ့ပါသေးတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံ့ကျက်သရေဆောင်လို့ ခေါ်နိုင်ပါတယ်။

အဲဒါအပြင် စစ်အစိုးရ ဗိုလ်ချုပ်တွေက သူတို့ကိုယ်သူတို့ လူဝင်စားဘုရင်တွေလို့လည်း မှတ်ကြပါသေးတယ်။ ဗိုလ်ချုပ် စောမောင်က သူ့ကိုယ်သူ ကျန်စစ်သားလို့ ပြောခဲ့သလို၊ ဗိုလ်ချုပ်ခင်ညွန့်က ဘုရင့်နောင်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ကျတော့ ကုန်းဘောင်မင်းဆက်က ဘိုးတော်ဘုရားနဲ့ သူ့ကိုယ်သူ ထင်ထား တယ်လို့ ဆိုပြန်ပါတယ်။ အခုလို နေပြည်တော် နန်းမြို့သစ်ထူထောင်တာက ဒီလို အတိတ်က ရွှေထီး ဆောင်း ခဲ့တာတွေ ပြန်ဖော်ရာရောက်သလို၊ သူ့ခေတ် သူ့အခါ မျိုးဆက်တခု ထူထောင်တာလည်း ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဗေဒင်လက္ခဏာနဲ့ စပ်ဆိုင်တဲ့အကြောင်းတွေပါ။ ဗမာမင်းတွေက ထေရဝါဒဗုဒ္ဓဘာသာ အပြင်၊ ဟိန္ဒူနက္ခတ်ဗေဒ၊ ဗရာမင် ဗေဒင်အခါပေးတွေကိုလည်း ယုံကြည်အားထားကြပါတယ်။ တချိန်က သူတို့ ကို အခါပေးကြတဲ့ ပုဏ္ဏား ဟူးရားဖြူ၊ ဟူးရားညိုတွေကိုလည်း ဆည်းကပ်ခဲ့ကြပါတယ်။ ဦးနေဝင်း တုန်းကလည်း ၉ ဂဏန်းကို အင်မတန် ယုံကြည်တယ်လို့ လူသိများခဲ့ပါတယ်။ တခါ အခု စစ်ဗိုလ်ချုပ်တွေကာလမှာလည်း ဗိုလ်ချုပ်ခင်ညွန့်ဆိုရင် ဘိုးတော် သန်းလှကို ကိုးကွယ်တယ်၊ ဗိုလ်ချုပ်သန်းရွှေနဲ့ သူ့ဇနီးဒေါ်ကြိုင်ကြိုင် ဆိုရင် လည်း သီလရှင်တပါးကို ကိုးကွယ်တယ်၊ ဗေဒင်နက္ခတ်တွေ သိပ်ပြီး အယုံအကြည်ကြီးတယ်လို့လည်း ဆိုကြပါ တယ်။ အဲဒါအပြင် မြန်မာလူမျိုးတွေရဲ့ ယေဘုယျ ယုံကြည်မှုတွေအရ နေကြတ်ရင်၊ လငပုတ်ဖမ်းရင်၊ ငလျှင်ကြီး လှုပ်ရင် စတဲ့ သဘာဝကပ်ဘေးကြီးတွေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကိုလည်း ဆက်စပ်စဉ်းစားလေ့ ရှိကြပါသေး တယ်။ အခု ဗိုလ်ချုပ်သန်းရွှေရဲ့ စိတ်ကြိုက်ဂဏန်းက (၁၁) ဖြစ်ပြီး၊ အရေးပါတဲ့ နိုင်ငံရေးဆုံဖြတ်ချက်တွေလုပ်ရင် အဲဒီ ဂဏန်းအတိုင်း လုပ်ဆောင်နေတတ်တယ်ဆိုတာတောင် ဒူယာပက်က ထည့်ပြီး ဖော်ပြခဲ့ပါသေးတယ်။

တတိယအချက်ကတော့ ကိုလိုနီဆန့်ကျင်ရေး နဲ့ မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်လိုတဲ့အကြောင်းလို့ စာရေးသူက သုံးသပ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအမည်ကို ဘားမား (Burma) ကနေ မြန်မာ (Myanmar) လို့ ပြောင်းခဲ့သလို၊ အခြား နာမည် အများအပြားကိုလည်း အင်္ဂလိပ်စာလုံးပေါင်းရာမှာ အသစ် မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ပြန်ပြီး ပေါင်းခဲ့ ပါတယ်။ ရန်ကုန် မြို့တော်က အရင်ကိုလိုနီအတိတ်တွေနဲ့ ဆက်စပ်နေတယ်။ အခု နေပြည်တော် မြို့တော်သစ် ကတော့ အနောက်တိုင်း သြဇာလွှမ်းမိုးမှုကို အစိုးရိမ်လွန်ပြီး တည်ဆောက်တာဖြစ် သလို၊ တဖက်မှာလည်း သမိုင်းအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ၊ စိတ်ဓာတ်ရေးရာပိုင်းအရ သူတို့ အလို ကျ ကိုယ့်ဘာသာ ပြန်ထူထောင် တာမျိုး ဖြစ်ပါတယ်။ စာရေးသူ ကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလက ပျဉ်းမနားကို အခြေပြုပြီး တော်လှန်ရေး ဆင်နွှဲခဲ့တဲ့ အစဉ်အလာကိုလည်း ထည့်စဉ်းစားလေသလားလို့ ဖော်ပြခဲ့ ပါသေးတယ်။ နေပြည်တော်က နယ်ချဲ့ကျူးကျော်မှု ကို လက်မခံတဲ့မြို့လို့ ဆိုချင်ပုံပါပဲ။

နောက်တပတ်မှာတော့ အခုမြို့တော်သစ် တည်နေရာ၊ တည်ဆောက်ထားပုံ၊ တည်ဆောက်နေပုံ အကြောင်း တွေကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Post a Comment