ondragstart="return false" onselectstart="return false"

Tuesday, August 24, 2010

ကျက်သရေရှိတဲ့လူမိုက်တွေ

ကိုယ်တိုင် အသက် ၇၀ တန်း လူကြီးတယောက် ဖြစ်လာတဲ့အခါမှာ သတိထားမိတာတခုက လူကြီးနှစ်မျိုးနှစ်စား ရှိတယ်ဆိုတဲ့ အ ချက်ဖြစ်တယ်။ တမျိုးက အသက်ကြီးလာတာနဲ့အမျှ တနေ့တခြားပိုပိုပြီး ယဉ်ကျေးလိမ္မာလာတဲ့ လူကြီးဖြစ်တယ်။ အတွေ့အကြုံက သင်ခန်းစာယူတတ် နောက်တမျိုးကတော့ အသက်ကြီးလေ တစ်နေ့တခြား ပိုပိုပြီး မိုက်လာတဲ့ ကြီးမိုက်လူကြီး ဖြစ်တယ်။ ပထမ အ မျိုးအစား လူကြီးက အတွေ့အကြုံတွေထဲက သင်ခန်းစာ ထုတ်ယူတတ်တဲ့အတွက် အမြင်မတော်တိုင်း ၀င်မပြောတော့ဘူး။ သဘောမ ကျတိုင်း ၀င်မပါတော့ဘူး။ "သတ္တ၀ါတခု ကံတခုပဲ" လို့ သဘောထားပြီး ဥပေက္ခာတရား လက်ကိုင်ထားတတ်တယ်။ ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေတတ်တယ်။ စိတ်ထဲမှာ ယားကျိယားကျိ ဖြစ်လာရင်တောင် ၀င်ပြီး မပြောမိ၊ မဆိုမိအောင်၊ ကိုယ်တိုင်ဝင်မပါမိအောင်၊ ပု တီးစိပ်လို့ဖြစ်စေ၊ တရားသဘော ဆင်ခြင်နှလုံးသွင်းလို့ဖြစ်စေ ကံသုံးပါးကို ချွန်းအုပ်ပြီးထိန်းချုပ်ထားတတ်တယ်။

ကံသုံးပါးလုံးမထိန်းချုပ်တတ်

ဒုတိယအမျိုးအစားကတော့ လောကဓံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေ ဘယ်လောက်ပဲ ခံခဲ့ရ ခံခဲ့ရ သင်ခန်းစာ ထုတ်မယူ တတ်ဘူး။ နောင်တလည်း မရဘူး။ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးစလုံးကို ချွန်းအုပ်မထားနိုင်ဘူး။ အမြင်မတော်တာတွေ့ရင် ၀င် ပြောလိုက်တယ်၊ မသင့်တော်ဘူးထင်ရင် ၀င်စွက်လိုက်တယ်၊ မတရားဘူးထင်ရင် ၀င်တားလိုက်တယ်၊ လူတကာရဲ့ အပူကို ကိုယ့်အပူ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လောင်မြိုက်နေစေတယ်။ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀၏ငြိမ်းချမ်းခြင်းဆိုတာကို ဘယ် တော့မှ မခံစားရပါဘူး။ ဒီလို လူမျိုးကိုမှ လူမိုက်မခေါ်ရင် ဘယ်သူ့ကိုလူမိုက်ခေါ်ရတော့မှာလဲ။

လူလိမ္မာတွေကများ

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလားဆိုတာ သေသေချာချာ ရေရေရာရာတော့ မပြောတတ်ဘူး။ လူ့လောကကြီး တစ်ခုလုံးမှာ လူ လိမ္မာတွေက လူမိုက်တွေထက် ပိုများတာကို တွေ့ရတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဥပေက္ခာတရား လက်ကိုင်ထားသူတွေ များကြ တယ်။ အမြင်မတော်တာတွေ့လည်း ငါနဲ့ ဘာဆိုင်တာမှတ်လို့ဆိုပြီး မျက်နှာလွှဲနေလိုက်ကြတယ်။ မတော်မတရားတာတွေ မြင်နေရ လည်း ကိုယ့်မထိသရွေ့တော့ ဘာဖြစ်လို့ ကြားကနေ အမုန်းခံရမှာလဲဆိုပြီး ခပ်ကင်းကင်း နေလိုက်တယ်။ ကိုယ့်ကို လက်တွေ့ထိလာ တော့မှ နာရကောင်းမှန်းသိပြီး အော်ကြဟစ်ကြလေတော့တယ်။

အခါနှောင်းခဲ့ပြီ

မနှစ်က အမေရိကန်နိုင်ငံ အနှံ့အပြား မြို့ကြီးပေါင်း လေးငါးဆယ်မှာ လူတွေ သိန်းချီပါဝင်တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာ ကို မှတ်မိကြမှာပါ။ အဲဒါ ကိုယ့်ထိမှ နာရကောင်းမှန်း သိကြတဲ့ အထင်ရှားဆုံး သာဓကဖြစ်တယ်။ အီရတ်နဲ့ အာဖဂန်စစ်ပွဲမှာ ကိုယ့် သားတွေ၊ ကိုယ့်ခင်ပွန်းတွေ အသက်ဆုံးရှုံးသွားကြရတဲ့ မိဘတွေနဲ့ ဇနီးသည်တွေက ဦးဆောင်ဆင်နွှဲရာက လူတွေသိန်းချီပြီး ပါဝင် ဆင်နွှဲလာကြတာ ဖြစ်တယ်။ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီလို့ ပြောရတော့မှာပါ။ သေပြီးသူတွေပြန်မရှင်နိုင်တော့ပါဘူး။

ဘ၀ပေးအသိ

အစကတည်းက တားဆီးကန့်ကွက်ခဲ့ကြမယ်ဆိုရင် လူတွေ သိန်းနဲ့ချီပြီး သေခဲ့ကြမှာ မဟုတ်ပါဘူး။ အစကတော့ အကြမ်းဖက်သမား နှိမ်နင်းရေးတို့ လူ့အခွင့်အရေးတို့ဆိုတဲ့ စကားတွေကို နားယောင်ပြီး စစ်ပွဲကြီးတွေကို ထိထိရောက်ရောက် မတားခဲ့ကြဘူး မဟုတ် လား။ ကျောင်းတက်နေဆဲ ကိုယ့်သားတွေ စစ်မှုထမ်း ဆင့်ခေါ်ခံရပြီး နိုင်ငံရပ်ခြားမှာ သေသွားကြရတော့မှ စစ်ကို ဆန့်ကျင်ရကောင်း မှန်း သဘောပေါက်သွားကြရတာကိုး။ ဘ၀ပေး အသိတစ်ခုပါပဲ။ အဖိုးတန်အသိ ဖြစ်ပေမယ့်ပေးလိုက်ရတဲ့ တန်ဖိုးကကြီးလွန်းလှပါ တယ်။

ဆင်ခြင်တုံသိ

အသိဆိုတာ လက်တွေ့ဘ၀က ပေါ်ထွက်လာတာ မှန်ပေမယ့် အခုလို တန်ဖိုးကြီးကြီး ပေးလိုက်ရတာမျိုးတော့ မဖြစ်သင့်ဘူး။ ရှေ့ နောက်မြော်မြင် စဉ်းစားတဲ့ ဆင်ခြင်တုံတရားနဲ့လည်း အတန်အသင့်သိနိုင်ပါတယ်။ ဘ၀ပေးအသိလောက် လေးနက်ခိုင်မာမှု မရှိပေ မယ့် ဘ၀ပေးအသိက တန်ဖိုးကြီးလွန်းပါတယ်။ ဆင်ခြင်တုံသိနဲ့ သိနိုင်တာမျိုးဆိုရင် ဘ၀မပေးဘဲ ရယူသင့်ပါတယ်။ အီရတ်နဲ့ အာ ဖဂန်ကို ကျူးကျော်တိုက်ခိုက်ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဆင်ခြင်တုံသိနဲ့ အလွယ်တကူ သိနိုင်တယ်။ ဗီယက်နမ်စစ်က အ ကောင်းဆုံးသက်သေ မဟုတ်ဘူးလား။

ဉာဏ်ရှိရင်တောင်ပို့မှန်းသိတယ်

"ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်" ဆိုတဲ့ စကားက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လူမိုက်တွေကို ရည်ရွယ်တဲ့ စကားဖြစ်တယ်။ အသိ ဉာဏ်ရှိသူမှန်ရင် တောင်ပို့ကြီးကို မြင်တာနဲ့ တောင်ပို့မှန်းသိတယ်။ ဖွတ်ကြီး ထွက်ပြစရာ မလိုဘူး။ ဘုရားက ဘုရား၊ တောင်ပို့က တောင်ပို့ သိသာပါတယ်။ မှားစရာ ဘာအကြောင်းမှ မရှိပါဘူး။ အရေးကြီးတာက ဘယ်နေရာ ဘယ်ကိစ္စဖြစ်ဖြစ် ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်ကိုအသုံးချတတ်ဖို့သာဖြစ်တယ်။

လူလိမ္မာတွေများလွန်းရင်မကောင်းဘူး

မဆိုင်ရင် ၀င်မပြောဘူး၊ ၀င်မစွက်ဘူး၊ ၀င်မပါဘူးလို့နေရင်းနဲ့ ကိုယ်နဲ့တိုက်ရိုက် ဆိုင်လာတဲ့အခါကျတော့ အများကြီးနောက်ကျသွား လို့ နောင်တရခဲ့ရင်လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် လောကကြီးမှာ လူလိမ္မာတွေ သိပ်များလွန်းနေရင်လည်း မ ကောင်းပါဘူး။ မသူတော်တွေ ကြီးစိုးနိုင်ပါတယ်။ မကောင်းတာ၊ မမှန်တာ၊ မတရားတာတွေကိုတွေ့ရင် အမုန်းခံပြီး ပြောဖို့ လိုပါတယ်။ လောကကြီး လှပစေချင်သူ မှန်သမျှ ပြောကိုပြောရပါမယ်။

အနာခံဖို့ချည်းပဲ

စာနယ်ဇင်းသမားဆိုတာ မှန်တာပြောရရင် မိုက်လို့ လုပ်နေကြသူတွေ များတယ်။ လူလိမ္မာနည်းတယ်၊ မြန်မာနိုင်ငံမှာ ချမ်းသာတဲ့ သ တင်းသမား ဘယ်ခေတ်ကမှ မရှိပါဘူး။ အများအားဖြင့် ရရစားစားပါပဲ။ အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ လူမိုက်ငှားပြီး ဓားထိုးခံရလို့ သေခဲ့ ရတဲ့ ဆရာသင်လို အယ်ဒီတာမျိုးရှိသလို အသရေဖျက်မှုနဲ့ တရားစွဲခံရသူ၊ အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရသူတွေ ရှိပါ တယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းခေတ်တွေမှာလည်း ထောင်ကျသူ၊ ကျွန်းရောက်သူ၊ နရသိန်စံတွေ မနည်းလှပါဘူး။ အသာ စံဖို့ အကြောင်း လုံးလုံးမရှိဘဲ အနာခံဖို့ချည်း နေရမှာကို သိသိကြီးနဲ့ လုပ်နေကြသူတွေဖြစ်လို့မိုက်လို့လုပ်တဲ့လူမိုက်တွေလို့ပြောတာပါ။

နိုင်ငံကျက်သရေတိုးစေဖို့

ဒီလို လူမိုက်တွေဟာ လူမိုက်ဖြစ်ပေမယ့် ကျက်သရေရှိတဲ့ လူမိုက်မျိုးဖြစ်ပါတယ်။ တိုင်ပြည်နိုင်ငံကို ကျက်သရေရှိအောင် အနာခံ၊ အ မုန်းခံပြီး လုပ်နေကြသူတွေ ဖြစ်တယ်။ အမြင်မတော်တာ၊ အကြားမတော်တာ မှန်သမျှကို သတိတရားရပြီး ပြုပြင်နိုင်ကြအောင် ထောက်ပြနေကြတာ ဖြစ်တယ်။ ရှေးအခါကဆိုရင် ရှင်ဘုရင်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘ၀အ မှန်ကို သိရဖို့အတွက် စွန့်စွန့်စားစားနဲ့ ရုပ်ဖျက်ပြီး စနည်းနာ ထွက်ကြရတယ်။ အခုခေတ်တော့ သတင်းမီဒီယာများရဲ့ ကျေးဇူးကြောင့် တိုင်းပြည်တပြည်လုံးရဲ့ အခြေအနေမှန်တွေကို ထိုင်ရာမထ သိနိုင်ကြတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ချက်ချင်းလက်ငင်း လုပ်နိုင်လာခဲ့တယ်။ သတင်းမီဒီယာတွေဟာတိုင်းပြည့်လက်ရုံးဖြစ်တယ်။ အင်မတန်အားကိုးရပါတယ်။

ရေကင်းသံလေးနဲ့ချီတက်စေ

ကိုယ်တိုင်က အသက် ၇၀ ရောက်တဲ့အထိ မိုက်လက်စ မဆုံးသေးဘဲ အမြင်မတော်တာတွေ့တိုင်း ၀င်ဝင် ပြောမိ ရေးမိ ဖြစ်နေသေး တယ်။ မေတ္တာထားကြသူအပေါင်းက စေတနာအရင်းခံနဲ့ သတိပေးကြပေမယ့် အေးအေးလူလူ မနေနိုင်ဘူး။ အဲဒါကြောင့် ပြည်သူ့ ခေတ် အယ်ဒီတာများက ဆိုင်းသံဗုံသံကြားရင် မနေနိုင်ဘူး။ စိတ်ထဲမှာ ရိုးတိုးရွတဖြစ်ပြီး ခြေလှုပ်လက်လှုပ်ကလေး ၀င်လုပ်ချင်သေး တယ်ဆိုတာကို သဘောပေါက် နားလည်နိုင်တယ်။ ကိုယ်က ဒုက္ခိတဖြစ်နေလို့ ခြေလှုပ်လက်လှုပ် မလုပ်နိုင်ပေမယ့် မေးထိုးကလေးနဲ့ တော့ အားပေးနိုင်ပါသေးတယ်။ အဲဒါကြောင့် ရွာစားစိန်ဝံသရေ မတိမ်းမစောင်းရအောင် (မဟုတ်သေးပါဘူး) ရေကင်းသံလေးနဲ့ ချီ တက်ကြစေဗျား။

လူထုစိန်ဝင်း
၂၇-၇-၂၀၁၀
ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၅၊ သြဂုတ်လ ၅ ရက်၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ-၁၂
http://komoethee.blogspot.com/

No comments:

Post a Comment