ondragstart="return false" onselectstart="return false"

Sunday, August 15, 2010

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၇)

ကျည်ဝေဖြိုး။ ၁၄ သြဂုတ် ၂၀၁၀

သောသီခို(နတ်တောင်)

တောသီးခို(နတ်တောင်)တောင်ကြောပေါ်မှဖြတ်ရမည်။ နတ်တောင်မှာ တပ်မဟာ(၂)နယ်မြေ တစ်ဝိုက်တွင် အမြစ်ဆုံး တောင်ကြီး ဖြစ်သည်။

ဗမာပြည်မှ အင်္ဂလိပ်တပ်တွေဆုတ်ပြေးတုန်းက နတ်တောင် ကြောပေါ်တွင် စခန်းချသွားဖူးသည်ဟု အဖူးပြောပြ ထားသည်။ နတ်တောင်မှာ ကေအန်ယူ နယ်မြေနှင့် ကရိန်နီ နယ်မြေတို့ ၏ နယ်စပ် တောင်ကြောဖြစ်သည်။ နတ်တောင်ကြောအပေါ်မှ အရှေ့ ဘက်သို့ လှမ်းကြည့် လိုက်လျှင် မော်ချီးမြို့ ကို ခေတ္တမျှ မြင်ရသည်။ နတ်တောင်ကြောမှာ အလျားအရရှည်လျှားသကဲ့သို့ အနံအရကျဉ်းသော တောင်ကြောဖြစ်သည်။ ဆီးနှင့်များဖုံး လွမ်းနေ၍ တစ်နေရာနှင့်တစ် နေရာသဲကွဲစွာမမြင်ရ။ ထိုတောင်ကြော ပေါ်တွင် ဆေးဘက်ဝင်ပန်းခါးပင်များ အလေ့ကျ ပေါက်နေတာတွေ့ ရ၍ ကျနော်တို့  နှုတ်ပြီးကျောပိုးအိပ်ထဲ ကယိုစီထည် လာကြသည်။

ယခင်တုန်းက အင်္ဂလိပ်တွေ စခန်းချသွားသည့် နေရာတွင် ကော်ပန်း ဝါကြီးတွေတမျှ ဖူးပွင့် နေသောပန်းပွင့်များ အကြားတွင် စစ်ကားဘော်ဒီ အဟောင်းများ။ ကတုတ်ကျင်းကြီးများ။ ဆင်ထောင် ဖမ်းသည့် မြေကျင်း နက်ကြီးများတွေ့ ရသည်၊ ကျနော်တို့ အဖွဲ့ မှာ တောင်ထိပ်သို့ မရောက်နိုင်သေး။ တောင်ကြောကြီးမှာ နှင်းမြူပင်လယ်ကြီးအကြားတွင် ရှိ၍ တခါတခါ တစ်ယောက်နှင့် တစ်ယောက် အကွာ အဝေးတောင်မမြင်ရ။ အတော်အေးစိမ့်၍နေသည်။ ရေခိုးရေငွေးများမှာ ပြောင်းပြန်ကျနေသည့်အလား ရှိုမြောင်တွေထဲတွင်၊ နယ်မြေခံလမ်းပြမှာ ဒီခရီးနှင့်အတော်ရင်းနှီးပုံရသည်၊

ကျနော်တို့ ထမင်းချက်ဘို့  အချိန် ရောက်တော့ ညခုနှစ်နာရီထိုးချေပြီ။ ရေလည်း ရှိလိမ့်မည်ဟု မထင်။ လမ်းပြမှာကျနော်တို့ နှင့်မလှမ်းမကမ်းသို့  သွားပြီး တောင်ကမ်းပါးယံသို့ ဆင်းသွား ပြီး မကြာမီ ထိုသူမှ လက်ရပ်ခေါ်၍သူ့ လက်ဖြင့် ယက်ထားသည့် မြေ ကျင်းထဲမှ ရေတွေထွက်နေသည်ကိုကြည့်ပြီး ထိုသူကို ကျေးဇူးတင်၍ မဆုံးအောင် ဖြစ်မိသည်။ မိမိ၏ပထဝီကို မိမိပိုင်သည် ဆိုသည်မှာ ထိုအချက်တွေပဲဖြစ်သည်။ ကျနော်တို့ အဖွဲ့ ထမင်းတည်ပြီး ပါလာသည့် ရိက္ခာခြောက် များဖြင့် ညစာထမင်းကို အားပါးတရ စားပြီး နတ်တောင်ကြီး. တိတ်ဆိတ်မှု။ နှင်းခိုးမှုန်တွေကို စစ်မိုးကာဖြင့် ခုခံရင်း သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကျောခြင်းကပ်ရင်း ရေဒီယို နားထောင်ကြရင်းအိပ်ပျော် သွားကြသည်၊ နံနက်မိုးသောက်တော့ ပစ္စည်းတွေသိမ်းတော့ ရေဒီယိုပျောက် နေသည်။ တကျီကျီနှင့် အော်သံကြား၍ လိုက်ရှာကြည့်ရာ ရေဒီယိုမှာ မြေပျော့ထဲတွင် ညက ဖိနပ်ဖြင့် မမြင်မစမ်း နင်းမှို နစ်ဝင်နေသည်။

အခြေခံဒေသထိုးဖောက်ရေး

စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး လူထုအုပ်ချုပ်ရေးစနစ်ဖြင့် ပြောင်းလဲဘို့ ဆိုသည်မှာ ကျနော်တို့  နိုင်ငံအတွင်း၌ နိုင်ငံရေးလွတ်လပ်ခွင့်ရှိမှ ဖြစ်မည်။ လက်ရှိကြုံတွေ့ နေရသည့် အခြေအနေများတွင် တိုင်ပြည် အာဏာအလုံးစုံကို စစ်အုပ်စုမှ အကြွင်းမဲ့  ချုပ်ကိုင်လွှမ်းမိုး ထားသည့်အပေါ့် ကျနော်တို့ ၏ နိုင်ငံရေး လွတ်လွတ် လပ်လပ် ကျယ်ကျယ်ပြန့် ပြန့် မလှုပ်ရှားနိုင်ပါ။ ဤအချက်တွေက ကျနော်တို့ ကို တော်လှန်ရေးလက်တွေ့  ဘဝထဲသို့  တွန်းပို့  ပေးနေသည်၊ ထို့ ကြောင့်ကျနော်တို့ သည် စစ်အုပ်စုကို လက်နက်ကိုင်တိုက်မှ ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ထောင်နိုင်မှာဖြစ်သည်။ လက်နက် ကိုင် တော်လှန်ရေး နယ်မြေများ၌ တော်လှန်ရေး အင်အားစုများနှင့် စုပေါင်းပြီး နိုင်ငံရေး ဆိုင်ရာလုပ်ငန်းများကို ချမှတ်ခဲ့ကြသည်။

တော်လှန်ရေး အခြေခံ ဒေသ တစ်ခု တည်ဆောက်နိုင်ဘို့ အတွက် စစ်ရေးမဟာမိတ်အဖွဲ့ အစည်းတွေနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုကြရသည်။ တဘက်မှလည်း ရဲဘော်တွေအားလုံး အတွေး အခေါ်အရတည်ဆောက်ရေး။ သဘောတရား အရတည်ဆောက်ရေး။ အမိန့် နာခံမှုအရတည်ဆောက်ရေးဆိုပြီး တပ်တည်ဆောက်ရေး ကို ပြုကြရ သည်။ ထိုသို့ အသားကျထားပြီးသား ရဲဘော်တွေကို စီစစ်ရွေးချယ်ပြီး ယခုလိုအခြေခံဒေသ ထိုးဖောက်ရေး ခရီးစဉ်ကို မကဒတ ခေါင်းဆောင်များမှ ဦးဆောင်ပြီး စတင်ထိုးဖောက်ဘို့ ဖြစ်လာခဲ့သည်။

ယခု ကျနော်တို့ အဖွဲ့ အခြေခံဒေသထိုးဖောက်ရေး ရောက်ရှိခဲ့ကြပြီ။ အစဦး၌ဒီဒေသကို ရောက်ရောက်ခြင်း ဒီဒေသ၏ လူထုအခြေအနေ။ အခြေခံ ဒေသ၏ ပထဝီအနေအထား။ ရန်သူ့ တပ်လှုပ်ရှားမှု။ စသည်တို့ ကိုလေ့လာရသည်။ ကျနော်တို့ ထိုးဖောက်သည့် အခြေခံဒေသမှာ မြန်မာနိုင်ငံမြေပုံ့ ထောက်ကြည့် လိုက်လျှင် အချက်အခြာဒေသကြီးတစ်ခုဖြစ်တည်နေတာကိုတွေ့ ရမည်။ ၁၉၆၂ခုနှစ် ဗိုလ်နေဝင်းစစ်အုပ်စု တိုင်းပြည်ကို မတရားသိမ်းပိုက်၍ မကြာခင် လက်နက်ကိုင် ပုန်ကန်မှုများ ဖြစ်ပေါ်လာသည်။

ထိုလက်နက်ကိုင် ပုန်ကန်မှုကြီး အရှိန်အဟုန်ကြီးချိန် ပြည်တွင်း စစ်ဖြစ်နေချိန်အတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ ရဲဘော်များ ထိုဒေသ အတွင်း စစ်ရေးအရ။ စည်းရုံးရေးအရ အခိုင်အမာ တည်ဆောက်ခဲ့ကြသည့် အခြေခံဒေသကြီး ဖြစ်သည်။ ထိုဒေသ အတွင်းရှိလူထုမှာ တော်လှန်ရေးအဖွဲ့ အစည်းများနှင့် အသားကျထားပြီးသား ဖြစ်၍ကျနော်တို့ မှတဖန် ပြန်လည် ထိုးဖောက်သည့်အချိန့် လည်း လူထုမှတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြဘို့  အဆင်သင့်ဖြစ်နေတာ တွေ့ ရခြင်းအားဖြင့် ကျနော့မှာ အံ့သြလေးစား၍ မဆုံးဖြစ်နေ မိသည်။

ထိုဒေသရှိလူထုမှာအများအားဖြင့် ကရင်တိုင်းရင်းသားအများစုနေထိုင်ကြသည်။ ကရင်းလူမျိုးများစွာ ရှိသည့်အနက်မှ ထိုဒေသအတွင်းနေထိုင် ကြ သည့်ကရင်လူမျိုးအများစုမှာ ဂေခို။ ဂေဘား။ သာမိတိုက် လူမျိုးများဖြစ်ကြသည်။ ပထဝီအနေ အထားအရ လက်ရှိဒေသ. အရှေ့ နှင့်အနောက်မှာ အလျား အရ ရှည်လျှား၍ တစ်ရက်ခရီးခန့် ရှိမည်။ အရှေ့ ဘက်တောင်ကြောအဆုံး၌ တောင်ငူလွိုင်ကော် ခြောက်ပေကားလမ်းတစ်ခု တည်ရှိသည်၊ ကားလမ်း၏ အရှေ့ ဘက်ကို ကြားဒေသဟုခေါ်တွင်ပြီး ကျနော်တို့ ၏ယခုရောက်ရှိသည့်ဒေသကို အခြေခံဒေသတည်ဆောက်ရေး၏ အထူးဒေသ ဟုခေါ်သည်။

အထူးဒေသတွင်ရွာပေါင်း (၁ဝဝ)ကျော်ရှိသည်။ ဘာသာစကားပြောကြရာတွင် တစ်ရွာနှင့်တစ်ရွာ စကားပြောဆိုမှု မတူအနည်းငယ်ကွဲပြားကြ သည်။ အထူးဒေသတောင်တန်း၏ အနောက်မြောက်ဘက်တွင် ရန်ကုန်မန္တာလေးလမ်းမကြီးကို လှမ်းမြင်တွေ့ နေရသည်။ မကြာခင်ကမှ ရန်သူနှင့် အပစ် ရပ်ထား သည့် ကယန်း ပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေနှင့် ကေအန်ယူအုပ်ချုပ်ရေးနယ်မြေနယ်နိမိတ်နှစ်ခုကို နန်းချိုချောင်းနှင့် ခွဲခြားသတ်မှတ်ထား သည်၊ အနောက် တောင်ခြေ တည့်တည့် စစ်တောင်း မြစ်ကြီးကို လှမ်းမြင်တွေ့ ရသည်။

စစ်တောင်းမြစ် အရှေ့ ဘက် ကမ်းပေါ်ရှိ ဧရိယာကို မဒညတ ( မြန်မာပြည် ဒီမိုကရက်စီ ညီညွှတ်ရေးတပ်ဦး) နယ်မြေဟုသတ်မှတ် ထားကြသည်။ အထူးဒေသ အတွင်း(၄၅)ဒီဂရီမျဉ်း. အရှေ့ ဘက်တွင် ဂေဘား လူမျိုး အများစု နေထိုင်ကြပြီး အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြင့် (၄၅) ဒီဂရီမျဉ်း၏မြောက်ဘက်တွင် တောင်ငူလယ်သမား မိသားစုအများအပြား နေထိုင်ကြ သည်။ တောင်ယာခုတ်ခြင်း။ လယ်ကျင်းများတွင်စပါး စိုက်ပျိုးခြင်း များဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသည်။ မြို့ ပြနှင့်လမ်းပန်း ဆက်သွယ်ရေး အတော်ခက် ခဲ၏။၊ အထူးဒေသ အနောက်ဘက်တောင်ခြေ အစပ်တွင် ပျဉ်းမနားဘက်မှ ဖြစ်ဟန်တူသော ကရင်တိုင်းရင်းသား အများစု နေထိုင်ကြသည်၊

၎င်းတို့ ကို သာမိတိုက်လူမျိုးဟုခေါ်သည်၊ အားလုံးလိုလိုမှာ ဗုဒ္ဒဘဘာသာဝင်များ ဖြစ်ကြပြီးနှမ်းခင်းများ။ လယ်ကွက်။ ဥယျာဉ်ခြံမြေ။ မြေပဲခင်းများ စိုက်ပျိုးကြပြီး အသက်မွေး ဝမ်းကြောင်း ပြုကြသည်။ အောက်ကွင်းမှ ဗမာများမှ ဈေးကုန် များ။ အထမ်း။ အရွက်များဖြင့် တောင်ပေါ်သို့ ကွမ်း။ ကွမ်းသီး များဖြင့်လဲလှယ်၍ အသက်မွေး ဝမ်းကြောင်း ပြုကြသည်။အထူးဒေသ အတွင်း ကိုးကွယ်သည့် ဘာသာ များမှာ-ခရစ်ယာန်။ အင်္ဂလီဂန်။ ဗြဟ္မစို။ အာစီ။ ဗုဒ္ဒဘာသာ စသည်တို့ ဖြစ်ကြသည်။

အထက်မှာဖော်ပြခဲ့သလို ၄င်းဒေသ့ရွာပေါင်း(၁၅ဝ)ခန့် ရှိကြသည့်အနက် ထိုရွာများကို အုပ်စုလိုက် ခွဲခြား သတ်မှတ် ထားကြသည်၊ ရှမ်းလယ် ပြင်အုပ်စု။ ချဉ်ပတောင် အုပ်စု။ သာမိတိုက်အုပ်စု။ ထမုံအုပ်စု စသည်များဖြင့် ခွဲခြားသတ်မှတ် ထားကြသည်။

ရန်သူလှုပ်ရှားမှုအခြေအနေ။

အထူးဒေသတွင်း(၉ဝ)ဒီဂရီမျဉ်းတည့်တည့် ရှမ်းလယ်ပြင်ရွာကြီးတည်ရှိသည်။ ထိုရွာ။စိုးမိုးတောင်ကုန်း တွင် ရန်သူ့ ဗျူဟာရုံးတည်ရှိသည်။ ထို ဗျူဟာ ရုံးမှတဆင့် စစ်ကြောင်း များကိုဖြန့် ခွဲပြီး လှုပ်ရှားကြသည်။ အထူးဒေသ၏ အနောက်ဘက် စစ်တောင်းမြစ် ၏အရှေ့ ဘက် ပိတောက်ကုန်း ရွာတွင် ထောက်ပို့ စစ်ကြောင်းမှ တာဝန်ယူသည်၊ ရန်သူသည (၄)လပတ်စစ်ဆင်ရေး ပုံမှန်လှုပ်ရှား လျှက်ရှိသည်။ အထူးသဖြင့် လွတ်လပ်ရေးလို နေ့ မျိုး။ပြည်ထောင် စုလို နေ့ မျိုးများ၊ နယ်မြေ လုံခြုံရေး အတွက်ဆိုပြီး တပ်အင်အား ထူထပ်စွာ ချတတ်သည်။ တောင်ငူတွင် ထောက်လှမ်းရေး (၃)မှ သက်ဆိုင်ရာ ကျေးရွာများ တွင် ရွာသူ။ ရွာသား အချို့ ကို ငွေကြေး အရင်းအနှီး မတည်ပေးပြီး တော်လှန်ရေး အဖွဲ့ အစည်းတွေ၏ လှုပ်ရှားမှုများကို စုံစမ်း ထောက်လှမ်း စေသည်။

သတင်းပေး။ သတင်းယူများလည်းမွေးသည်၊ ရန်သူ့ အချို့ တပ်များမှာ ရခိုင်ဘက်မှ တပ်များ ဖြစ်ကြသည်။ စစ်ကြောင်း မှုးများမှာ ရွာသ ရွာသား များကို အခွန်များ ကောက်ခံကြပြီး ၄င်းတို့ ပုဂ္ဂိုလ်ရေး အတွက် လဒ်စားကြသည်။ ရန်သူ့ တပ်မှုးများမှာ တော်လှန်ရေး အဖွဲ့  အစည်းများနှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ဖန် များ၍၄င်းတို့  ခံရသည့်အကြိမ်ပေါင်း များလာသည့်အခါ စစ်ရေး လှုပ်ရှားမှုကို မပြုလုပ် လိုကြ။ ထိုကြောင့်ရွာ ထဲသို့ ဝင်လျင် ရွာသားများကို -မိမိတို့ မှာ အထက်အမိန့် ကြောင့်-လာခဲ့ရသည်ကို တော်လှန်ရေး တိုက်ခိုက်ရေး ပြောက်ကျား များအနေဖြင့် သဘော ပေါက်စေချင် ကြောင်း။ မိမိတို့ အား စစ်ရေးလှုပ် ရှားများ မပြုရန် တောင်းပန် စာများကို ဆက်သားများဖြင့် ပို့ စေသည်။ ရန်သူ့ တပ်များသည် တော်လှန်ရေး ပြောက်ကျား တပ်များ၏ မကြာခဏ ပြောက်ကျား စစ်ဆင်မှုများ ပြုလုပ်တာ ခံရ၍ ရွာလူထုကို မာန်မဲမှုများ ပြုလုပ်ကြသည်။ ရွာများကို မီးရှိုကြသည်။ ရွာသားများကို တောထဲ တောင်ထဲ လူမမြင်သည့်နေ ရာများတွင် ရက်ရက်စက်စက် သတ်ပစ် လိုက်ကြသည်။

ထိုအခါရွာလူထုမှာရန်သူ့  တပ်အားမုန်းတီးစက်ဆုတ်လာကြသည်။ ထိုကဲ့သို့ လူ့ အခွင့်အရေးချိုး ဖောက်မှုများ ကို အချိန် မဆိုင်းပဲ သတင်းဌာန များသို့ ပို့ ပေး၍ ရေဒီယိုမှ တဆင့်ပြန်ကြား ရသည့်အပေါ် ရန်သူ့ တပ် အကြီး အကဲများမှ လူ့ အခွင့်အရေးချိုး ဖောက်သည့်တပ်မှုး။ ရဲဘော်များကို အပြစ်ပေးခြင်း။ ရာထူးမှ ထုတ်ပယ်ခြင်း များပြုလုပ်ကြသည်။ ထို့ ကြောင့် နောင်ဆိုလျင် ရန်သူ့ တပ်များသည် ရွာလူထုကို မစော်ကားရဲ တော့ပဲ တာဝန်ကြေရုံ ထမ်းဆောင်ကြသည်။

ထိုအချိန် ကာလများတွင် မိုင်းတိုက်ပွဲ. ထိရောက်မှုများကို မည်သို့  မျှမတုံ့  ပြန်နိုင်ပဲ ရန်သူ့ တပ်မှာ အခက်အခဲ ကြုံတွေ့ ရပါသည်။ ရံဖန်ရံခါ သတင်းအရ အတိအကျ သိရှိ ထား သည် ဆိုလျှင် ပိတောက်ကုန်းမှ ရှမ်းလယ်ပြင်သို့ ရိက္ခာပို့ သည့်စစ်ကြောင်းများကို ကြားဖြတ်တိုက်၍ ဆက် သွယ် ရေးလမ်း ကြောင်းများကို အခက်အခဲ ဖြစ်စေအောင် ကျနော်တို့ တိုက်ခိုက်ရေး ပြောက်ကျားများမှ တိုက်ပွဲ ဖော် ဆောင်ကြသည်။

အခြေခံဒေသတည်ဆောက်ရေးအလုပ်အဖွဲ့ ။

ကျနော်တို့ အဖွဲ့ သည်သစ်ခေါင်းရွာသို့ ရောက်သည်နှင့် သတင်းတစ်ခုကြားရသည်။ရဲဘော်အာလူး မိမိ မိုင်းကို ထောင်ရင်း ကက်ပ်ထိ၍ ပေါင့် ဒါဏ်ရာရကြောင်း သိရသည်။
ကျနော်တို့ အလုပ်အဖွဲ့ ခေါင်းဆောင်မှာ ထိုအချိန်က ရဲဘော်လူဇော်ဖြစ်ပါသည်။ အလုပ်အဖွဲ့ ကိုနှစ်ဖွဲ့ ခွဲ၍ လှုပ်ရှားကြ သည်။ တစ်ဖွဲ့ က အခြေခံဒေသ ထိုးဖောက်ရေးအတွက် အလုပ်အဖွဲ့ ဖြစ်ပြီး ကျန်တစ်ဖွဲ့ မှာ လက်ရှိဒေသ.၏ စစ်ရေးလှုပ်ရှားမှု အဖွဲ့ ဖြစ်ပါသည်။

မဟာမိတ်ကေအန်ယူစစ်ရေးခေါင်းဆောင်များနှင့်အတူ လူထုအုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ချမှတ်ပြီး ပူးတွဲစစ်ရေးကော်မီတီအဖွဲ့ ဖွဲ့ ၍ တာဝန် ကိုယ်စီ ယူကြရသည်။ ရန်သူ့ သတင်း။ နယ်မြေသတင်း။ နိုင်ငံရေး အခြေအနေ။ တော်လှန်ရေး၏ ဦးတည်ချက် စသည်များကို လက်ရှိဒေသ လူထုမှ နားလည် သဘောပေါက် စေရန် လူထုများနှင့် အတူ ဆွေးနွေးပွဲများ ပြုလုပ်ကြ၍ လူထုမှာ ကျနော်တို့ ၏မူဝါဒ သဘောတရားများကို နားလည် လာကြသည့်အပေါ် ကိုယ်ရောစိတ်ပါပူးပေါင်းပါဝင်လာကြတာကို တွေ့ မြင်ရ၍ အထူးဝမ်းမြောက်မိပါသည်။

ကျနော်တို့ အလုပ်အဖွဲ့ တာဝန်ယူသည့်ဒေသနှင့် ဗဟိုဌာနချုပ်မှာ ဆက်သွယ်ရေးလမ်းကြောင်းအရ အတော် အလှမ်းဝေးပါသည်။ တခါတရံဗဟိုမှ တောက်ပို့ အားနည်းမှုများရှိပါသည်။ ထိုအခါကျနော်တို့ မှာ ကိုယ့်ဒူးကိုယ် ချွန်ကိုယ့်အားကိုယ်ကိုးရေးမူကို လက်ကိုင်ထားပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြိုးစားကြရသည်။
မဒညတ (မြန်မာပြည် ဒီမိုကရက်တစ် ညီညွတ်ရေ တပ်ဦး) နယ်မြေများသို့ ကွင်းဆင်း၍ စီးပွားရေးသမားများ (ဥပမာ-သစ်။ အင်း။ဆန်စက်) စသည့်လုပ်ငန်း ရှင်များထံတွင် တော်လှန်ရေး အတွက် ရံပုံငွေ ကောက်ခံကြရသည် ။ ရံပုံငွေကောက်ခံရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ်ချပြ ဆွေးနွေး၍ စီးပွားရေးသမားများမှ လှိုက်လှိုက် လှဲလှဲထည့်ဝင် လှူဒါန်းကြသည်။ ထိုအချိန်က လူထုမှာ တော်လှန်ရေးအဖွဲ့ အစည်းများရှိနေ၍အစစ အရာရာ လာရောက်တိုင်ပင် ညှိနှိုင်းကြသည်။

ဝါးရုံလှဲတိုက်ပွဲ။
၁၉၉၆ခုနှစ်။ နိုဝင်ဘာ(၁)ရက်။

မှတ်မှတ်ရရသတိတွေရနေမိသည်။ ၁၉၉၆ခုနှစ်။ အောက်တိုဘာ(၃ဝ)ရက်နေ့ ဖြစ်သည်၊ ကျနော်တို့  (မိုးကြိုး)အလုပ်အဖွဲ့ မှာ သာမိတိုက် တောင်ခြေရှိ ဆင်အံတောင် ရွာကလေး၌ စခန်းချဖြစ်ကြသည်။ ထို့ နေ့  သည်ခါတိုင်းနေ့ တွေလိုပဲ မည်သည့်သတင်းမှ ထူးခြားမှုမရှိသောကြောင့် ယာယီ ပုခက်တဲ ကိုယ်စီ နေရာယူ ကြ သည်။တပ်စိတ်မှုး ရဲဘော်ဇော်လွင်မှာ ပဲခင်းထဲမှ ငြုပ်သီးစိမ်း အချို့ ။ ချဉ်ပေါင်ရွက် အချို့  ခူးလာသည်။
သူ၏တဲဘေး၌ ရဲဘော် အားလုံးအတွက် ထမင်းချက်ရန် မီးမွှေးနေသည်။

ကျနော်က-ဘာဟင်းချက်မလဲမေးတော့ -သူက -ချဉ်ပေါင်ရွက်နဲ့  ငြုပ်သီးရောပြီး ချဉ်စပ်လေးချက် မလို့ ဟုပြန်ပြောသည်။ ညနေ ထမင်းချက်ချိန်က မိုးချုပ်စပြုပြီ။ အင်တိုင်းပင်များ အပေါ်မှ ရှဥ့်ကြွက်ကလေးများ မိုးချုပ်စမှာ ဟိုကူး။ ဒီကူးနှင့် တွေ့ နေရသည်။ အင်တိုင်း ပျိုပင်များအပေါ်မှ အရွက် ဖားဖားကြီးတွေက ဆင်နားရွက်ကြီးတွေလို မလှုပ်မခတ်ငြိမ်သက်လျှက်၊။ တချို့ ရေဒီယိုဖွင့်သံ ကြားနေရသည်။

ထမင်းချက်သည့်နေရာနှင့်မလှမ်းမကမ်းချုံနွယ်စပ့် တပ်မှုးအချို့ တီးတိုးတီးတိုး ဆွေးနွေး နေသံကြား နေရသည်။ ထမင်းဟန်းကော သုံးလုံးကျပြီး ဟင်းအိုးတည်ချိန့် ရဲဘော်ဇော်လွင်မှ အင်ဖက်တွေခူးလာပြီး ထမင်းစားကြရန် ပြင်ဆင်နေသည်။ တဲတိုက်ဘေးမှ နှုတ်လာသည့် စပယ်လင်ပင်ကို ငါးပိဖုတ် နှင့် ရောထောင်း နေသည်။ ရဲဘော်တွေကို ထမင်းစားကြရန် လှမ်းခေါ်ပြီးမြေဝိုင်း ထမင်းပွဲလေး၌ လက်ရည် တပြင်တည်း ထမင်း လက်စုံ စားကြသည်။ မိုးသားတိမ်လိမ့်တို့ က တောစပ်အရောင်နှင့် မဲမှောင်နေလိုက်တာများ။

ရဲဘော်ဂျာ ပြင်ဆင်ထားပါ-ခရီးထွက်မယ်၊

သတင်းထူးတာဖြစ်လိမ့်မည်။ ရန်သူမိအိကီးအောက်ရွာ။ ဒါမှမဟုတ် ကြို့ ချောင်းရွာမှာများ ရန်သူ့ တပ် ရောက်နေပြီလား။ခါတိုင်းလိုပဲ။ခေတ္တ စခန်းပြောင်းရွှေ့ တာပဲလား။

မလိုအပ်တဲ့ပစ္စည်းတွေသိမ်းခဲ့၊ ခရီးဝေးမယ်၊

ဟုတ်ပါပြီရန်သူရောက်ရင်ရောက် မဟုတ်ရင် တခုခုတော့တခုခုပဲ။ ကျနော်တို့ ငြိမ်သက်စွာ ခရီးထွက်ကြသည်။ နာရီဝက်လောက်ခန့် သွားရ သည့် နေရာရောက်တော့ လယ်ကွင်းနှင့် အင်တိုင်းတောစပ်။ အရှေ့ ။ အနောက်။ တောင်။မြောက်ကို စိတ်မှန်းဖြင့် ခန့် မှန်းနေမိသည်။

ကျနော်တို့ ကျောပေး ထားသည့်ဘက်သို့ ကြည့်လိုက်တော့ တောင်တန်းကြီးက ကျနော်တို့ ကျောဘက်မှာ။ ဒါဆို ကျနော်တို့ ခရီးထွက် နေသည်မှာ အောက်ကွင်း (မဒညတ) နယ် မြေပဲဖြစ်ရမည်။

ခြောက်သွေ့ ၍သစ်ရွက်ခြောက်များအပေါ် ဖြတ်နင်းသွားသည့် စစ်ဖိနပ်ခြေရာအသံတွေက သစ်ရွက် ခြောက်တွေကြေမွသွားသည့် အသံနှင့် တပြေးညီစွာ ဆူညံရိုက်ပုတ်ရင်း သက်ငယ်တောကြီး ထဲ၌ စစ်ကြောင်း ခေတ္တရပ် နားကြသည်။

မိုးကြိုးအလုပ်အဖွဲ့ ခေါင်းဆောင် ရဲဘော်အောင်ကျော်မှ ရဲဘော်အားလုံးစုစည်းစေပြီး ပြောင်သလင်းခါသည့်မြေညီပေါ့် ဝိုင်းဖွဲ့ ထိုင်စေပြီး ယခု ထွက်လာသည့်ခရီးစဉ်ရည်ရွယ်ချက်ကို ဆွေးနွေးတင်ပြ သည်။

 မနက်ဖြန်ဟာနိုဝင်ဘာလ (၁)ရက်နေ့ ဖြစ် တယ်။ အဲဒီနေ့ ဟာ မကဒတ မွေးဖွားသန့်  စင်ခဲ့သည့် (၉)နှစ် မြောက်နေ့ ဖြစ်တယ်။ ဒါ့ကြောင့် ဒီလို အခါကြီး။ နေ့ ကြီးမယ် ကျနော် တို့ ရဲဘော်အားလုံး ဝါးရုံလှဲရွာ ကိုချီတက်ပြီး လူထုကို ချပြဆွေးနွေး ရမယ်။

လူထုကိုတော်လှန်ရေးထဲ ပါဝင်လာအောင် ဆွေးနွေးစည်းရုံးရမယ်။
တော်လှန်ရေးရဲ့ အခက် အခဲတွေကို လူထုကို ချပြပြီး လူထုနဲ့ တော်လှန်ရေး အင်အားစု တွေ စုပေါင်းပြီး လိုအပ်တဲ့ ကူညီ ပံ့ပိုးမှုတွေကို တောင်းခံသင့် သလောက် တောင်းခဲ့ ရ လိမ့်မယ်၊

ဒီတော့ -ဒီခရီးမှာ စစ်ရေးအရ အထူး သတိဝီရိယ ရှိဖို့ ကျနော် ပြောချင်တယ်။ ကျနော်တို့  ယခုစည်းရုံးရေး ဆင်းမယ့်နေရာက ရန်သူ့  အုပ်ချုပ်ရေး နယ်မြေဖြစ်တယ်။ သိပ်အန္တာရယ်ကြီးပါတယ်။

သို့ သော် စိုးရိမ်စရာ မလိုပါဘူး။ ကျနော်တို့  ဘက် မှာ နယ်မြေခဲလူကြီးတွေ ပါတယ်။ သူတို့ က ကျနော်တို့ နှင့်အတူ လှို့ ဝှက်စွာ တိုက်ပွဲဝင်ဘို့ ကတိပြုထားပြီးကြပြီ။ ဒါ့ကြောင့် ကျနော်တို့ မိုးကြိုး အလုပ်အဖွဲ့ ကို (၂)ဖွဲ့ ခွဲပြီး ချီတက်လှုပ်ရှားကြမယ်။ ကျနော်နဲ့ အတူ ရဲဘော်ဂျာ။ ရဲဘော်ဆေး။ နောက်ထပ် ရဲဘော်(၄)ယောက် အတူထွက်မယ်။

အုပ်စု(၂)က ရဲဘော်ဇော်လွင်နဲ့ အတူ ခရီးထွက်မယ်။
ပထမခရီးထွက်မယ့်အဖွဲ့ က ကျနော်နဲ့ အတူထွက်မယ်၊ ထူးခြားရင် အချက်ပြသင်္ကေတတွေ သုံးပါ၊ စက်နံပါတ်ကတော့ ယခင်ပုံမှန် အတိုင်းရှိထားမယ်၊ လိုအပ်ရင် ညှိနှိုင်းတားတဲ့ နံပါတ်တွေကို အသုံးပြုမယ်။ နာရီဝက် တစ်ကြိမ်စက်ဖွင့်ပါ။ ရန်သူ့ သတင်းကတော့ ထူးခြားမှု မရှိသေးဘူး။ယခုထွက်မယ့်ခရီးက မြေညီ လမ်းဖြစ်တယ်။
ကွင်းပြင်တွေ။ တောစပ်တွေ။ နှမ်းခင်းတွေ။ ပဲခင်းတွေ။ ရေချောင်းတွေ ဖြတ်ရမယ်။ စစ်ကြောင်း ထွက်ရင်ဆေးလိပ် မသောက်ပါနှင့် အားလုံးအဆင်သင့် ဖြစ်ရင် ခရီးစထွက်မယ်။

ညသည်မှောင်မိုက်လွန်းလှသည်။ မည်သည့်နေရာမှမမြင်ရ။ သစ်ငုတ်တိုတွေတိုက်မိ၊ တောစီး စစ်ဖိနပ် မှာ ရေထဲဖြတ်ရ၍ ရိဆွေစပြု နေသည်မှာ တစ်ပတ်လောက်ရှိပြီ။ စစ်ဖိနပ်ခြေဖျား အောက်ခြေနှင့် ပိတ်စမှာ ဟပြဲ နေ၍ ခရီးထွက် ရသည်မှာ အဆင်မပြေလှ။ နှမ်းခင်းထဲ ဖြတ်လျှောက်စဉ် သစ်ငုတ် တစ်ခု ကျနော့် ဝမ်းဗိုက် အထိ ရှိမည်။
ထိုသစ်ငုတ် တိုကိုမမြင်ပဲ ဗိုက်နှင့်သစ်ငုတ်ထိပြီး ရှေ့ သို့ ကျွမ်းပစ် သွားသည်။ မတတ်နိုင်ပါ ချက်ချင်း ပြန်ထပြီး ရှေ့ သို့ မနည်းမှီအောင် လိုက်ရသည်။

အင်တိုင်တောထဲသို့ ဖြတ်စဉ် ရွာလူကြီးမှ လမ်းဆုံ လမ်းခွရောက်တိုင်း မိတ်ဆက် ပေးသည်။ လမ်းခွရောက်၍ ဘယ်ညာ လမ်းနှစ်ခွပြ သည့်နေရာ အရောက် -ဒီဘက်လမ်းက ဝါးရုံလှဲရွာက သွားတာ၊ ဒီညာဘက်လမ်းက ရဲကုန်းရွာကို သွားတာပါ။

ကျနော်တို့ နှစ်ဖွဲ့ စလုံး အင်တိုင်းတောစပ်လမ်းနှစ်ခွ့ ကင်းချ၍မြေပြင်အနေအထားကို စောင့်နားထောင် ရင်း ခေတ္တအနားယူကြသည်။ ရုတ်တရက် မိုးက တပြုံတမကြီး ရွာချလိုက်ပါသည်။ ကျနော်တို့ သည်အင်ဖက်များ ခူး၍ တစ်ကိုယ်စာ လုံအောင်စောင်းရင်း မိုးတိတ်သည့် အထိ စောင့်နေ၏။
မိုးကလည်း နိုဝင်ဘာလမှ ရွာရတယ်လို့  စိတ်ထဲတစ်မျိုး ဖြစ်နေ မိသည်။ ရာသီဥတု ဖောက်ပြန်လို့ ပဲဖြစ်မှာပါလို့ ဖြေသိမ့်ရင်း -ဟိုးဝေးဝေးက မှိတ် တုတ်မှတ် တုတ်မီးရောင်များ။ အသံချဲ့ စက်မှသီချင်းသံများ ကြားနေရ၏။ ဆောင်းတွင်းမို့ မပြောတတ် အေးလိုက်သည်မှာလွန်ရော။ သွေးပူနေတုန်းမို အေးလို့ အေးမှန်း မသိ၊

ကျနော်တို့ ဝါးရုံလှဲရွာ. အရှေ့ တည့်တည့်ကို စစ်ကြောင်း ရောက်နေပြီ။ ရေတာရှည်သကြား စက်ဥသြဆွဲသံက အနီးကလေးမှ အော်နေသည့် အလား အောက်မေ့ ရသည်။ ရန်ကုန် မန္တလေး အမြန်ရထားကြီး ဟိုးခပ်ဝေးဝေးမှ ခုတ်မောင်း ပြေးဆွဲသံကြား နေရသည်။ ဝါးရုံလှဲရွာမှာ တောင်နှင့် မြောက်ရှည် လျှားသည်။ ထို့  ကြောင့်ရွာကို တောင်ဘက်ရွာ။ မြောက်ဘက်ရွာဟူ၍ ခေါ်ကြသည်။ ကျနော်တို့ အဖွဲ့ စဝင်သည့်ဘက်မှာ မြောက်ဘက် ရွာဖြစ်သည်၊ ရဲကုန်းရွာမှာ ဝါးရုံလှဲရွာ၏ မြောက်ဘက်တွင် တည်ရှိသည်။

တစ်နာရီလောက် အသာလေးသွားရသည်ဟု နယ်ခံလူကြီးမှ ပြောပြသည်။ ရွာထဲသို့ ဝင်ဝင်ခြင်း ရွာလူကြီးမှ ရွာသူရွာသား တွေကို ခေါ်ယူစု ဆောင်းစေပြီး ကျနော်တို့ နှင့်တွေ့ ဆုံမိတ်ဆက်ပေး နေသည်၊ ရွာသူရွာသားများမှာ တောထဲမှ သူပုန်တွေကို အသေအချာ စူးစမ်းနေ၏၊ ရယ်မော စကားဖွဲ့ ကြ။ ကျနော်တို့ မှ တဖန်တော်လှန်ရေး အကြောင်း ရှင်းပြကြသည်။ တစ်ဦးနှင့် ရင်းနှီးစွာဖြင့် ။ ရွာလူထုမှ ဆေးလိပ်။ ရေနွေး။ မုန့် ပဲသားရည်စာများ တည်ခင်း ကျွေးမွေးကြသည်။

ကိုလှမြင့်မရှိတော့ဘူး-ထွက်ပြေးသွားပြီး။
ဒီကောင်ရဲကုန်းရွာဘက်ကိုထွက်ပြေးသွားတာဖြစ်ရမယ်။
အဲဒီရွာမှာဟိုခွေးကောင်တွေရှိတယ်။

လှမြင့်သည် ဝါးရုံလှဲရွာတွင် ရန်သူ.လက်ကိုင်ဒုတ်ဖြစ်သည်။ ရန်သူမှ ထိုသူကို ရွာသားတွေထံမှ ပေါ်တာကြေး ကောက်ခိုင်း။ ကင်းကြေး။ မီးကြေး။ ဘာကြေး။ ညာကြေး ကောက်ခိုင်းသည်။ ရန်သူနှင့် ပေါင်းပြီး ရွာသူ ရွာသားတွေ အပေါ် နှိပ်စက်မှုများ ပြုလုပ်ကြောင်း။ ထို့ အပြင် တော်လှန်ရေး အဖွဲ့ အစည်းများ. လှုပ်ရှား သွားလာမှုများကို ရန်သူ့ ထံသတင်းအမြဲပေးသည်ဟု လည်း ကြားဖူးသည်။

တော်လှန်ရေး အစည်းများ ရွာထဲရောက် လာတာ သိ၍ သူ့ ကိုဖမ်းလိမ့်မည် အထင်နှင့် ရွာမှ ထွက်ပြေးသွား တာလည်း ဖြစ်လိမ့်မည် ဖြစ် ကြောင်း ရွာခံလူကြီးများ ပြောပြ၍ သိရသည်။
ထို့ ကြောင့် ကျနော့် တို့ အဖွဲ့ ယခုရောက်ရှိနေသည့် ရွာမှ အမြန်ဆုံး ပြန်ထွက် နိုင်အောင်ကြိုးစားမှ ဖြစ်မည်ဟု ရဲဘော်ဇော်လွင်မှ အကြံပေးသည်။ ကျနော်တို့ လည်း ထိုရွာထဲတွင် (၃)နာရီခန့် မျှကြာသွားသည်။ အဖွဲ့ ခေါင်းဆောင် ရဲဘော်အောင်ကျော်မှ ရွာမိရွာဖများအား နှုတ်ဆက်ပြီး ရွာမှ ထွက်ခွာရန် မိမိတို့ အားတိုင်ပင် ထားသည်။ ရန်သူသည်ကျနော်တို့ ။ ဆုတ်လမ်းကို မည်သည့်နည်းနှင့် မဆို စောင့်၍ တိုက်ခိုက်နိုင်သည်။
တိုက်ပွဲဖြစ်လိမ့်မည်ဟု စိတ်ထဲမှာ တော့ တထင့်ထင့်။ တိုက်ပွဲဖြစ်လျှင် ကျနော်တို့  တွင်ပါလာသည့် ရဲဘော်အချို့ မှာ ရဲဘော်သစ်သုံးလေးယောက် ပါသည်။
ရဲဘော်သစ်များကို စိတ်မချ၍ ကျနော် ကိုယ်တိုင် ရဲဘော် ဇော်လွင်တို့ အဖွဲ့ နှင့် လိုက်ပါ ခွင်ပြုရန် ခွင့်တောင်းပြီး လိုက်ပါခဲ့သည်။ ကျနော့်ထံမှ မီဇူဟို (ဆက်သွယ်ရေး စက်ကြီး) တစ်လုံးကို ရဲဘော် တစ်ဦးထံ အပ်ပြီး ပွိုင့်ထွက်သည်။

ကျနော်တို့ သည်တစ်ယောက်နှင့် တစ်ယောက် ငါးလံကွာမျှ ခွာ၍ လျှောက်ကြသည်။ ဝါးရုံလှဲရွာ မှစထွက် ထွက်ခြင်း ကွင်းပြောင်ကြီး တစ်ခုကိုဖြတ် ကျော်ရမည်။

နေဦးဟေ့- ရဲဘော်အောင်ကျော်တို့ အဖွဲ့ ကိုစောင့်ဦး၊ (ရဲဘော်ဇော်လွင်)
ဟေ့-မိုးစင်စင်လင်းတော့မယ်ကွ။ ငါတော့လူထုနှင့် တွေ့ ရလို့ ပျော်တယ်ကွာ (ရဲဘော်နွမ်ဂျာ)
အေကေမှ ဇင်ယော်ကြားလားဒါပဲ(ရဲဘော်ဇော်လွင်)
ကြားတယ်။ ကြားတယ် သုံးငါးရှိနေမယ် ရထားဖြစ်လား။( ရဲဘော်အောင်ကျော်)
ကြားတယ် ကတုံးကြီးမှာဖြစ်နေတယ်။ အတိုလေးနဲ့ နှစ်သုံးလုပ်မယ်-သုံးငါးနဲ့ ဆက်ရှိမယ်။

ရဲဘော်ဇော်လွင်စက်ပိတ်ပြီး သူကိုယ်တိုင်ရှေ့ မှပွိုင့်ထွက်၍ကျနော်က သူ့ နောက်မှ လိုက်ရသည်၊ ကွင်း ပြင်ကို ငါးမိနစ်ခန့် ဖြတ်ရသည်။
ကွင်းပြင်ထိတ်ရောက်သည့်နေရာတွင် နောက်ကအဖွဲ့ ကိုစောင့်မည်ဟု ရဲဘော် ဇော်လွင်မှပြောသည်။ နေရာ အကွက်အကွင်း မကောင်း၍ အတွင်ဘက်မှာ နားမည်ဟု ထပ်ပြော၍ ရှေ့ အတွင်း ဘက်ကို တိုးလိုက်ကြသည်။

 တကယ်လို့ တိုက်ပွဲဖြစ်ရင် အရင်ဆုံး မှောက်ချလိုက်၊ ဒါမှ ရန်သူပစ်ထုတ် လိုက်တဲ့ ကျည်ဆံဟာ ကိုယ်ရဲ့  ချက်ကောင်းကို မထိနိုင် မှာကွ၊ (ရဲဘော် ဇော်လွင်)၊

လှည်းလမ်းကြောင်း အတိုင်း ချီတက်လာစဉ်၊ တိတ်စိတ်မှု တစ်ခုကိုဖြိုခွင်း လိုက်သည် ကတော့- မိုးကြိုးပစ်သလို ဒိုင်း-ဒိုင်း-ဒိုင်း- ဒိုင်း-ဝုန်း-ဂျိမ်း-။

အလိုသေနတ်သံပါလား၊ ရဲဘော်ဇော်လွင် သေနတ် ပေါက်တာလား၊ --ဟာမဟုတ်ဘူး- -ရန်သူပစ်တာ--၊ ရန်သူမှ ကျနော်တို့ ကို နှစ်ဦးစလုံးကို လက်နက် ကြီး။ လက်နက်ငယ် များဖြင့် တရစပ် ပစ်ခတ် နေတော့သည်။
ဂငယ်ပုံစံ ဝိုင်းထား၍ မည်သို့ မျှ လှုပ်၍မရပါ၊ အင်တိုင်းတော လှည်းလမ်းကြောင်း ကို ခွပြီး ဝိုင်းထားတော့မှ သေဖို့  ပဲရှိတော့မည်၊ သေနတ် တကမ်းပဲ ရှိတော့သည်။

----အရှင်ဖမ်း--အရှင်ဖမ်း---အရှင်ဖမ်း--မလွှတ်စေနဲ့ --
ရဲဘော်ဇော်လွင်မှာ မီးခိုးမှိုင်းလုံးကြီးတွေထဲ ပျောက်လိုက်ပေါ်လိုက်နဲ့ ၊
အလို--ကျနော့်ခေါင်းထဲ--ပူကနဲဖြစ်သွားသည်၊--သွေးတွေဖြာကျ---အရည်တွေစေးကပ်ကပ်--ရန်သူ့  လက်တွင်းထဲ--သေပွဲဝင်ဖို့ --အချိန်ရောက်ပါ ရော့လား--ကျနော့်စိတ်တွေလေးနေ.၊ ကျောပြင့် --အောင့်သက် သက်--အသက်ရှုဖို့ အခက်တွေ့ နေ၏၊

ကျနော်သေနတ်သံမှာလည်းရန်သူ့ ထံကို ပြန်လည်ပစ်နေပုံက --ဘာတွေဖြစ်ကုန်ပြီလဲ--စိတ်တို့ ငြိမ်သက်စပြုပြီ။ တစ်ဘက်ရန်သူက တိုက်ပွဲ ဖြစ်သံ တွေအပေါ်--လွှမ်းမိုးမင်းမူးနေ။၊ --မကြာခင်သေရတော့မည်၊ အမေ့ဘုရားပန်းအိုး--ကျကွဲလောက်ရောပေါ့---နိမိတ်စိမ်းတွေမြင်လိုက်ပုံက။

--ကျား--နောက်ဆုံးပွဲသိမ်းလိုက်ပုံက၊ လှံစွပ်တွေ--ကျနော့်အနားကပ်လာပြီ--ရန်သူတစ်ယောက်--ကျနော့်ကို လှံစွပ်နဲ့ ထိုးဘို့ --လက်ကို အသာ အယာ မလိုက်--ထို့ နောက်--ငါတို့ ရွာထဲကို ဆက်ကြည့်မယ်ဟေ့--လာကြ--လာကြ။

နဖူးပြင်မှသွေးတို့ က --ရဲကနဲ--ရဲကနဲ--ကျလာလိုက်ပုံများ--အိမ်မက်တွေလား--တကယ်ဖြစ်တာလား--ဝေခွဲမတတ်---ဝေခွဲမတတ်။
ရဲဘော်ဇော်လွင် --သွေးတွေ--သွေးတွေ---သွေးတွေ၊ နွမ်းယဲ့ယဲ့။ ခန္ဒာကိုယ်ကြီး--ကျနော်ပြေးပွေ့ မိ--သူစကားပြန်မပြောနိုင်တော့ဘူး၊ --ကျနော်မယုံဘူး--အာငွေ့ ထည့်လေမှုတ်ထုတ်--ဒါပေမယ့်--သူတော်လှန်ရေးအတွက် --လူထုအတွက်--အသက်ပေးဆပ်သွားခဲ့---၊

ကြာကြာနေ၍မဖြစ်။ အနောက်အဖွဲ့ အဆက်ပြတ်ပြီး အခြားလမ်းကြောင်းက ဆုတ်ခွာသွားလိမ့်မည်။ အချိန်ကိုကြည့်လိုက်တော့ နိုဝင်ဘာလ တစ်ရက်။ နံနက်(၃)နာရီ၊ ရဲဘော်ဇော်လွင်--ကျုပ်ခင်ဗျားကို အလေးနီပြုလိုက်ပါတယ်။

---မပြီးဆုံးသေးတဲ့ --စစ်အာဏာရှင် ပျက်သုန်းရေး တိုက်ပွဲကို --ဆက်လက်သယ်ဆောင် တိုက်ပွဲဝင်သွားဘို့ --ကျုပ်အလေး အနက် ဂတိပြု လိုက်ပါတယ်။

သူ့ ကိုနောက်ဆုံးအလေးပြုလိုက်တော့ --အံကြိတ်ထားရင်း---ကျလာသည့်မျက်ရည်ပူတို့ ကိုသုတ်--အလောင်းကိုစွန့် ခွာခဲ့ ရသည်။

သြော်--ဒီနှစ်ဆို ၂ဝဝ၃ခုနှစ်။ နိုဝင်ဘာလ(၁)ရက်ပါလား၊မကဒတ(၁၅)နှစ်မြောက်။နှစ်ပတ်လည် နေ့  တောင်ရောက်ပြီ၊ ရဲဘော်နှင့်အတူ တော်လှန် ရေးမှာကျဆုံး ခဲ့ရတဲ့ အညတရတော်လှန်ရေး ရဲဘော်တွေရဲ့  ဈာပနကို ဒီနေ့ အချိန်အထိ ကောင်းကောင်း မွန်မွန်ဆွမ်းသွပ် အမျှပေးဝေနိုင်မှု လုပ်မပေးနိုင် သေးပါလား၊ ရဲဘော်ဇော်လွင်ရေ---သတိတွေ အကြိမ်ကြိမ် ရနေတယ်ဗျာ။ ဒီလိုနေ့ ကိုရောက်တိုင်း --ခင်ဗျားကို တော်လှန်ရေး သစ္စာတွေ --အထပ်ထပ်ပြုရင်း--သူရဲကောင်းတို့ ဥဒါန်း--မကျဆုံးရစတမ်း--ကျုပ်ရွတ်ဆို ဦးညွှတ် နေတယ်ဗျာ။

ဆက်လက်ဖော်ပြပါဦးမည်။။---
ကျည်ဝေဖြိုး။
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး။ )
မူရင်း - http://www.hittai.net/?show=rm&fileid=17&t=home14&id=14

No comments:

Post a Comment