ondragstart="return false" onselectstart="return false"

Thursday, August 26, 2010

ရွေးကောက်ပွဲကို ကျောခိုင်းရန်လိုအပ်ဟု ဦးဝင်းတင် ပြောကြား

NEJ / ၂၆ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲအပေါ်တွင် ပြည့်စုံသည့်တုံ့ပြန်မှု ဖြစ်စေရန်အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ပြည့်စုံတဲ့တုံ့ပြန်မှုဆိုတာ ဒီရွေးကောက်ပွဲက မတရားဘူး။ ဒီရွေးကောက်ပွဲသွားမယ့် လမ်းခရီးကလည်း မှားနေတဲ့ဟာဆို ကျနော်တို့လိုပဲ သပိတ်မှောက်ပေါ့။ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်” ဟု ၎င်းက ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိသောကြောင့် အန်အယ်လ်ဒီပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆုံးဖြတ်ချက်ကို သြဂုတ် (၁၉) ရက်တွင် တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။

“ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကိုသွားမယ်။ ဒီဥပဒေဟာ တရားမဲ့တဲ့ ဥပဒေကြီး၊ စစ်အစိုးရ စစ်အာဏာရှင်တွေ အာဏာတည်မြဲဖို့ အသက်သွင်းမယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီရွေးကောက်ပွဲက ဒီအခြေခံဥပဒေကို အကောင်အထည်ဖော်မှာမို့ ကျနော်တို့ကန့်ကွက်တယ်။ တရားမျှတခြင်း နိုင်ငံရေးအခြေအနေ ပြည့်စုံတာ ဘာမှမရှိတဲ့အတွက် ကျနော်တို့ကန့်ကွက်တယ်။ ဒါဆို ကျနော်တို့ပါတီက မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ဘူးဆုံးဖြတ်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် ရွေးကောက်ပွဲကို သပိတ်မှောက်ရာတွင် အပြည့်အစုံမျှော်လင့်၍ မရနိုင်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အပြည့်အစုံမျှော်လင့်ပြီး ပြောနေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လူထုက ဘယ်ပါနိုင်မလဲ။ ပါနိုင်မှဖြင့် ၁၉၉၀ ရွေးကောက်ပွဲကတည်းက၊ အာဏာမလွှဲဘူးဆိုကတည်းက လူထုက အုံကြွပြီးတော့ ပါလာမှာပေါ့။ မပါဘူးဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ မပါဝံ့ဘူး၊ မပါနိုင်ဘူး၊ ပါနိုင်တဲ့အခြေအနေ မရှိဘူး။ ပါနိုင်တဲ့အခြေအနေမျိုး ဖြစ်အောင်လည်း စစ်အစိုးရက ခွင့်မပေးဘူးဆိုတာ ကျနော်တို့သိတယ်။ သို့သော် ဘာပဲပြောပြော ကျနော်တို့က ရုန်းကန်မှုအနေနဲ့၊ ဆန့်ကျင်မှုအနေနဲ့၊ တုံ့ပြန်မှုအနေနဲ့ကတော့ ရှိမယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

ယနေ့အခြေအနေမှာ လူထုအနေဖြင့် စစ်အစိုးရအား ဆန့်ကျင်မြဲဆန့်ကျင်နေသော်လည်း လုံလောက်သည့် တုံ့ပြန်မှုမရှိသည့်အတွက်၊ မလုပ်နိုင်သည့်အတွက် စစ်အစိုးရ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ သို့သော် အန်အယ်လ်ဒီက ဆက်လက် ရုန်းကန်ကန့်ကွက် ဆန့်ကျင်နေမည်ဖြစ်ပြီး လူထုအနေဖြင့် ပံ့ပိုးနိုင်သမျှ ပံ့ပိုးမည်ဟု ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက ဆက်လက်ပြီး “ဒီရွေးကောက်ပွဲမှာလည်း ပြည့်စုံတဲ့ အနေအထားရှိမှာမဟုတ်ဘူး။ သို့သော် အဲဒါ နောက်ဆုံးမှာ အကျိုးသက်ရောက်မှုက ဘာလည်းဆိုတော့ အနည်းဆုံး ဒီရွေးကောက်ပွဲကြီးဟာ မတရားဘူး။ နိုင်ငံရေးအပြောင်းအလဲကို စစ်အစိုးရပဲ ဆက်လက်စီးထားမယ်၊ စစ်အစိုးရရဲ့လက်ကိုင်တုတ်ပါတီ ကြံ့ဖွံ့လိုဟာမျိုးကပဲ စီးမယ်ဆိုတာမျိုးတွေ ဖော်ပြနိုင်ရင် ကမ္ဘာကနေ စစ်အစိုးရအပေါ်မှာ ဖိစီးမှုတွေ ပိုပြီးတော့ များသထက် များလာမယ်လို့ ယူဆတယ်။ ဒီလိုဖြစ်တာဟာ တထစ်တရစ်တော့ တိုးသွားခြင်းဖြစ်တယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။

ယမန်နေ့ကမူ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း ၎င်း၏အကျိုးဆောင်ရှေ့နေ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါသည့်အတွက် မည်သည့်ပါတီကို မဲပေးရန် မသိရှိတော့ကြောင်း ပြည်သူများ၏ ပြောဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် မှန်ကန်ကြောင်း ဦးဝင်းတင်က ထောက်ခံပြောဆိုသည်။

၎င်းက “ဒေါ်စုရဲ့ ပြောဆိုချက်ဟာ အမှန်ဆုံးပဲ။ ဒေါ်စုရဲ့သဘောထားနဲ့ ကျနော်တို့ အန်အယ်လ်ဒီရဲ့သဘောထားဟာ တထပ်တည်းကျတယ်လို့ပဲ ကျနော်တို့ ယူဆတယ်။ အန်အယ်လ်ဒီကို ထောက်ခံချင်တယ်၊ မဲပေးချင်ကြတယ်။ အန်အယ်လ်ဒီ မရှိတဲ့အခါကျတော့ ဘယ်သူ့မဲပေးရမှန်းမသိဘူး၊ ဘာလုပ်ရမှန်းမသိဘူး၊ မျက်စိသူငယ်ဖြစ်နေတယ်ဆိုရင် အန်အယ်လ်ဒီမှ မရှိတာ မပေးနဲ့ပေါ့။ အန်အယ်လ်ဒီ လုပ်သလိုလုပ်ပေါ့။ အန်အယ်လ်ဒီကနေ ရွေးကောက်ပွဲ ကျောခိုင်းထားရင် လူထုကလည်း ရွေးကောက်ပွဲကို ကျောခိုင်းရမှာပဲ။ အဲတော့ ဒေါ်စုရဲ့သဘောထားကို ကျနော်တို့ လုံးဝထောက်ခံတယ်။ ထောက်ခံရုံတင်မဟုတ်ဘူး။ ဒီသဘောထားမျိုးဟာလည်း အန်အယ်လ်ဒီမှာ အောက်ခြေအထိ ရှိပါတယ်” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ မတရားမှန်း နိုင်ငံရေးသမားတိုင်း သိနိုင်သည့်အခြေအနေတွင် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သူအချို့ ပါတီမှနုတ်ထွက်ခြင်း၊ ရွေးကောက်ပွဲတွင် မပါဝင်တော့ခြင်းတို့မှာလည်း ပြည့်စုံသည့် တုံ့ပြန်မှုမျိုး မဟုတ်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အခု ဥက္ကဋ္ဌတွေ ထွက်ကြတယ်။ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာတွေဟာ လုံလောက်တဲ့ စစ်အစိုးရအပေါ် တုံ့ပြန်ခြင်းမျိုးမဟုတ်ဘူး။ ပြည့်စုံတဲ့ တုံ့ပြန်ခြင်းလည်း မဟုတ်ဘူး။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးတွေ၊ ကိုယ်ရေးကိုယ်တာ နည်းနည်းလေး ထိလာတဲ့အခါမှာ သို့မဟုတ်လည်း ရည်မှန်းချက် မပြည့်စုံတဲ့အခါမှာ သူတို့ရဲ့တုံ့ပြန်ချက်မျှသာဖြစ်တယ်။ အဲဒီဟာ ကျနော်တို့ ဘာမှမပြောဘူး” ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် ပါတီများဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မည်ဆိုပါက ထောက်ခံကြိုဆိုမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးမင်းသိမ်းနှင့် နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးညိုထွန်းတို့ ပါတီမှနုတ်ထွက်ကာ ရွေးကောက်ပွဲဝင်တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ယမန်နေ့ကလည်း အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောဆိုခဲ့သည်။
http://www.khitpyaing.org/index.php?route=detail&id=3800

No comments:

Post a Comment