ondragstart="return false" onselectstart="return false"

Friday, August 6, 2010

နေပြည်တော်(၁)

စာဖတ်ပုရိတ်သတ်များအတွက် RFA မှထုတ်လွင့်သွားခဲ့ပြီးတဲ့ နေပြည်တော် စာအုပ်ကို နေ့  စဉ်အပိုင်းလိုက်ပြန်လည် တင်ဆက်ပေးပါမည်။

မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ပြင်ပဆောင်းပါးရှင် ဦး အောင်သူငြိမ်းက ဒီတပတ်မှာ စာအုပ် သစ်တအုပ်နဲ့ မိတ်ဆက်ပေးထား ပါတယ်။ ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" လို့ အမည်ရတဲ့စာအုပ်ပါ။ ထိုင်းနိုင်ငံ မဟာဆာရခမ်တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာ သင်ကြား နေတဲ့ဆရာတဦးဖြစ်တဲ့ ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။

ီတပတ်မှာတော့ စာအုပ်သစ်တအုပ်နဲ့ စတင်မိတ်ဆက်ပေးဖို့ စဉ်းစား ထား ပါတယ်။ စာအုပ်ရဲ့ နာမည်ကိုက "မြန်မာနိုင်ငံရဲ့ မြို့တော်သစ်၊ နေပြည်တော်" ဆိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ စာအုပ်က အခုနှစ်အတွင်း မကြာသေးခင်ကမှ ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒီစာအုပ်ကိုရေးသားတဲ့သူကတော့ အခုအခါ ထိုင်းနိုင်ငံမှာ မဟာဆာရခမ်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာသင်ကြားနေတဲ့ ဆရာတဦးဖြစ်တဲ့ ဒူပါယက် ပရီချာရှာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ကြည့်တော့ သူက ထိုင်းနိုင်ငံက နာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ ချူလာလောင်ကောင် တက္ကသိုလ်မှာ အရှေ့တောင်အာရှဒေသ လေ့လာရေးဌာနမှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ် ရေးသားထားတဲ့ ကျမ်းပြု စာတမ်းဖြစ်နေတာ တွေ့ရပါတယ်။ ကျမ်းပြု စာတမ်းဆိုတော့ ဘာသာရပ် ဆိုင်ရာကိစ္စတွေနဲ့ စာလေးနေမယ် ထင်ရပေမယ့် ကိုယ့်မြန်မာနိုင်ငံအကြောင်း၊ နောက်တခုက စစ်အစိုးရက ဘာဖြစ်လို့ ရန်ကုန်ကနေ နေပြည် တော် မြို့တော်သစ်ကို ရွှေ့သွားရတာလဲ၊ ကျန်တဲ့ နိုင်ငံတကာ ပညာရှင်တွေကရော ဘယ်လို သုံးသပ်ရှုမြင် ကြသလဲဆိုတာ သိချင်စိတ်နဲ့ ဖတ်ရတဲ့အတွက်ကြောင့် စာဖတ်ရတာ သိပ်ပျင်းစရာမကောင်းလှဘူးလို့ ထင်မိ ပါတယ်။ သူက ဒီစာအုပ်ကို အခန်း (၇) ခုခွဲပြီး ရေးသား ထားပါတယ်။ အခန်းတွေအလိုက် သင့်သလို ကျနော် ဆက်လက်တင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရက နိုင်ငံရဲ့မြို့တော်ကို ရန်ကုန်ကနေ လူသူမနီးတဲ့ ပျဉ်းမနားအနီးက မြို့တော်သစ် ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ တောတောင်ထဲမှာ အခုမှတည်ဆောက်နေဆဲ မြို့တော်ပါ။ ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ (နအဖ) စစ်အစိုးရက ရုံးတွေဆီကို မြန်မာနိုင်ငံအလယ်ပိုင်း ပျဉ်းမနားမြို့အနီးမှာ တည်ဆောက်နေ ဆဲ မြို့တော်ဆီ ပြောင်းရွှေ့ရမယ်လို့ အမိန့်ရောက်လာခဲ့ပါတယ်။ လူအားလုံး၊ ဝန်ထမ်းအားလုံးလည်း ဆိုင်းဗုံ မဆင့်ဆိုတော့ အံ့သြ နေကြရပါတယ်။ ပျဉ်းမနားမြို့အနီး တောင်ကြားလွင်ပြင် တောခေါင်ခေါင်ဒေသ တခုထဲမှာ အခုမှ ရုံးတွေဆောက်နေဆဲပါ။ တချို့ရုံးဌာနတွေလည်းပြီး၊ တချို့ရုံးတွေ၊ လူနေအိမ်တွေလည်း မပြီးကြသေး ပါဘူး။ အခုမြို့တော်သစ်လို့ သတ်မှတ်တဲ့ နေရာက ရန်ကုန်မြို့ကနေ ၃၅ဝ ကီလိုမီတာလောက် ကွာဝေးပါတယ်။ နောက်တနေ့မှာတော့ စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက နိုင်ငံရဲ့မြို့တော်ကို ပျဉ်းမနား ခရိုင်ထဲက အသစ်တည်ဆောက်ထားတဲ့ မြို့သစ်တခုကို ရွှေ့မယ်ဆိုတာ ကြေညာခဲ့ပါတယ်။ အဲသည်အချိန် အထိ နေပြည်တော်ဆိုတဲ့နာမည် မပေးရသေးပါဘူး။ အဲသည်နေရာကို မြို့တော်သစ်ရွှေ့ရတဲ့အကြောင်းက နိုင်ငံရဲ့ အလယ်ဗဟိုဖြစ်တာရယ်၊ ပထဝီအနေအထားအရ မဟာဗျူဟာအရ အရေးပါလို့လို့ ဗိုလ်မှူးချုပ်ကျော်ဆန်းက အကြောင်းပြချက်ပေးခဲ့ပါတယ်။ နောက်တော့ သွေးတိုးစမ်းပြီးနေပြည်တော်လို့ သုံးလာခဲ့ပါတယ်။ ပထမ အုပ်ချုပ်ရေးမြို့တော်သဘော ပြောလာနေရာကနေ၊ နိုင်ငံရဲ့မြို့တော်ကိုပါ ပြောင်းလဲ သတ်မှတ်တယ်ဆိုတာမျိုး လုပ်လာခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၂၇ ရက်၊ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့ ချီတက်ပွဲမှာမှ ပျဉ်းမနား ခရိုင်က ကျပ်ပြေးရွာကို နေပြည်တော်လို့ တရားဝင်ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ ရှေးဟောင်းဘုရင်တွေရဲ့ ထီးနန်း ဆန်ဆန် အသုံးအနှုန်းမျိုးပါ။ ပထမက ပျဉ်းမနာနေပြည်တော်လို့ တွဲပြီးခေါ်ဆိုရာကနေ နောက်တော့နေပြည် တော်လို့ ခေါ်ဆိုလာပါတယ်။ ဖွဲ့စည်းပုံအသစ်ကို ၂ဝဝ၈ ခုနှစ်မှာ ပြဌာန်းတဲ့အခါမှာတော့ နိုင်ငံရဲ့မြို့တော်သစ် အဖြစ် တရားဝင်ဖော်ပြသတ်မှတ်ခဲ့ပါတော့တယ်။

ဘာအကြောင်းကြောင့် မြို့တော်ကို ပြောင်းရတယ်၊ ဘယ်လိုစဉ်းစားချက်ကို အခြေခံပြီး ပြောင်းတယ်ဆိုတာ အခု အချိန်တိုင် လူတွေ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။ စစ်အစိုးရကတော့ နေပြည်တော်ကို မြို့တော် ပြောင်းခြင်း အားဖြင့် ဖွံ့ဖြိုးရေးအတွက် ပိုလုပ်နိုင်မယ်လို့ ဆင်ခြေပေးပါတယ်။ လေ့လာသုံးသပ်သူအများစုက တော့ မဟာဗျူဟာအရ ပိုအရေးပါတဲ့နေရာကို ပြောင်းတာ၊ စစ်ရေးအရ အမေရိကန်ကမ်းတက်ရေတက်က ကျူးကျော်တိုက်ခိုက်လာမယ့်အရေး စိုးရိမ်စိတ်ကဲပြီး ပြောင်းတာလို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ အချို့က လည်း တိုင်းရင်းသားသူပုန်တွေကို ပိုပြီး ထိရောက်စွာ ကိုင်တွယ်နှိပ်ကွပ်နိုင်အောင်၊ အချို့ကတော့ မြန်မာ ပြည်သူတွေက မကျေနပ် ဆူပူအုံကြွလာမယ့်အရေး စိုးရိမ်စိတ်နဲ့ ပြောင်းတယ်ဆိုတာ ထင်ကြေးပေးမှုတွေ ရှိပါ တယ်။ ဒါပေမယ့် တချို့ကတော့ ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ မပြောင်းရင် အစိုးရပြုတ်ကျကိန်းရှိတယ်၊ ဗေဒင် ယတြာကိန်းအလိုအရ ပြောင်းရွှေ့တယ်ဆိုတာမျိုး သုံးသပ်ဝေဖန်မှု အမျိုးမျိုး ရှိခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ စစ်အစိုးရထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဘုရင်တွေ ဘုန်းတန်ခိုး အာဏာတက်လာရင် မင်းနေပြည် တော် အသစ်တည်ထောင်ကြသလိုပဲ၊ သူလည်း နန်းဆက်တခု၊ နေပြည်တော် မြို့သစ်တခု တည်ထောင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘယ်သူကမှ တိတိကျကျ မပြောနိုင်သလို၊ မြန်မာနဲ့ အိမ်နီးချင်း အစိုးရတွေတောင် အကြောင်းမကြား၊ အသိမပေးဘဲ ချက်ချင်းပြောင်းရွှေ့ခဲ့တဲ့ အတွက်ကြောင့် စိုးရိမ်ရ၊ စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရပါတယ်။

ဒီစာအုပ်ရေးသားတဲ့ စာရေးဆရာကတော့ အခုလိုကိစ္စတွေကို ပညာရှင်ရှုထောင့်က ချည်းကပ်ရေးသားတဲ့ စာတန်းတွေက နည်းလှတယ်၊ ပညာရှင်ရှုထောင့်က ချည်းကပ်လေ့လာတာမျိုး လုပ်မယ်လို့ ဆိုခဲ့ပါတယ်။ သူ အခုစာအုပ် ကျမ်းပြု ရေးစဉ်မှာ ချူလာတက္ကသိုလ်က နာမည်ကျော် သမိုင်းပညာရှင် ပါမောက္ခဆူနိတ် ချူတိ တရာနွန်၊ နရီဆွန်တက္ကသိုလ် မြန်မာဘာသာဌာနက ပါမောက္ခတွေ၊ အခြားပညာရှင်တွေက အကြံပေးပံ့ပိုးခဲ့ ကြပါတယ်။ စစ်အစိုးရက မြို့တော် ပြောင်းရွှေ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပညာရပ်ဆိုင်ရာ လေ့လာချက်တွေ မရှိဘူးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သုတေသီပညာရှင် မောင်အောင်မျိုးရေးသားတဲ့ စင်္ကာပူ အာရှ သုတေသန အင်စတီကျုက ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ စာတမ်း၊ "နေပြည်တော်သို့ သွားရာလမ်း၊ မြန်မာ အစိုးရက မြို့တော်သစ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း" ဆိုတဲ့စာတမ်းကိုလည်း ကျနော် ဖတ်ဖူးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ မောင်အောင်မျိုးနဲ့ အခုထိုင်းပညာရှင်တို့ သုံးသပ်ချက် ကွာခြားမှုတွေ၊ တူညီတာတွေကိုလည်း ဆက်လက်ဖော်ပြပါမယ်။

တကယ်တော့ မြန်မာစစ်အစိုးရ လုပ်ဆောင်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိသလို၊ လူအများက ပဟေဠိတွေ ကို အဖြေညှိနေရသလို တွက်ဆနေကြရတာပါ။ ဘယ်သူက အမှန်ဆိုတာ ပြောဖို့ခက်သလို၊ စစ်အစိုးရရဲ့ စဉ်းစား လုပ်ဆောင်ချက်တွေကလည်း အများအားဖြင့် ကျိုးကြောင်းဆီလျော် မရှိတတ်လေတော့ ပညာရှင်ဆန်ဆန် ချည်းကပ်လေ့လာဖို့ဆိုတာလည်း အတော်ခက်ခဲလှပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအရေး စာအုပ်သစ် တအုပ် တိုးလာတယ်ဆိုတာ ဝမ်းသာစရာပါ။ ပညာရှင်နယ်ပယ်မှာ ဘာပဲဖြစ်ဖြစ် ထပ်မံအသစ် တိုးလာတဲ့ စာအုပ်စာတန်းတခု၊ ကိုးကားဖွယ်၊ ဖတ်ရှုဆင်ခြင်ဖွယ် စာအုပ်တခု၊ မြန်မာစစ်အစိုးရကို တစေ့တစောင်း ဖော်ပြနိုင်တဲ့ စာအုပ်တခုလို့ ဆိုပါရစေ။ နောက်တပတ်မှာတော့ နေပြည်တော်နဲ့ပတ်သက်လို့ သူတင်ပြထားတဲ့ လေ့လာချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

မှတ်ချက်။ ။ Yaw Han Aung ဘလော့မှထပ်ဆင့်ပြန်လည်ကူးယူသည်။

No comments:

Post a Comment