ondragstart="return false" onselectstart="return false"

Monday, August 30, 2010

ကရင့်လက်နက် နှင့် ကရင့်ဓလေ့



ကရင့်လက်နက် နှင့် ကရင့်ဓလေ့

ဟေနေသား
၃၁၊ ၀၈၊ ၂၀၁၀

ဗမာပြည် အုပ်စိုးသူ အဆက်အဆက် ခေါင်းဆောင်အပြောင်းအလည်းအမျိုးမျိုးနှင့်အတူ နည်းမျိုးစုံဖြင့် ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားတွေကို အလုံးစုံ လက်နက်ချရန် ဖိအားပေးနေလျက်ရှိနေတယ်ဆိုတာ အားလုံးအသိပါ။

ကရင့်ရေးရာနှင့် စပ်လျဉ်းပြီး နယ်ခြားစောင့်တပ်သို့ ပြောင်းပြီးသွားတဲ့ ဒီကေဘီအေ တပ်တွေလည်း တနေ့ လက်နက်အလုံးစုံချ သေနတ်တွေ အပြီးအပ်ဖို့ အချိန် အနှေးနဲ အမြန်ရောက်လာမှာ မုချဧကန်ပါ။ ထိုနေ့  ထိုအချိန် ကရင့်လက်နက် ကို ဗမာ့တပ်မတော်ထံအပြီးအပ်ရမည့်နေ့ ရောက်ရင် ဒီကေဘီအေ တဖြစ်လည်း နယ်ခြားစောင့်ရဲဘော်တို့ ငိုမနေကြပါနဲ့ ။ ညီနောင်တို့ ဟာ ကရင့်ရိုးရာ ဓလေ့ တခုကို မထိန်းသိမ်းတဲ့ လူတွေဖြစ်တယ် လို့ မှတ်တမ်းတင်ရပါမည်။

အဘယ်ကြောင့်နည်း။ ကရင်လူမျိုးတို့ သည် သူတို့ ကိုင်ဆောင်တဲ့ သေနတ်ကို သိပ်အမြတ်တနိုး ချစ်ကြပါသည်။ မိရိုးဖလာ ကတည်းက သေနတ်ကိုင်ဆောင်ကြတဲ့ လူမျိုးတစ်မျိုးပါ။ ကရင်တွေ သေနတ်ကိုင်တာဟာ သူများကို ပြသနာရှာဖို့ အတွက်မဟုတ်ပါ၊ ကျူးကျော်ဖို့ အတွက်လည်းမဟုတ်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက်၊ ကျေးရွာတွေကို ကာကွယ်ဖို့ အတွက်၊ အမဲလိုက်ဖို့ အတွက်ပါ။

ကရင်လူမျိုးတွေဟာ ရှေးပ၀ီသဏီ ကတည်းက သေနတ်ကို ခုံမင်တဲ့ လူမျိုးပဲ ဆိုတာ သမိုင်းကြောင်းတွေကို လေ့လာရင် သိမြင်နိုင်ပါသည်။ ယခုအချိန်အထိ ကျေးလက်ဒေသတွေမှာ ကရင်အိမ်တိုင်းလိုလို တူမီးသေနတ် ရှိပါတယ်။ တူမီးကိုင်ဆောင်ခွင့်မရတဲ့ ဒေသတွေမှာ ဒူးလေးတွေ ကို ကိုင်ဆောင်ပြီး အိမ်မှာ ထားကြပါသည်။ စာရေးသူ အိမ်မှာ ယောင်္ကျား သုံးဦး ရှိလို့ အိမ်မှာ တူမီးသေနတ် သုံးလက်တောင်ရှိခဲ့တာပါ။ အသက် ၇-၈ အရွယ်ဝန်းကျင် ကတည်းက ဖခင်ဖြစ်သူက သစ်ပင်ကြီးမှာ အမှတ်တဆိပ်တခုထားပြီး သားများဖြစ်တဲ့ ကျနော်တို့ ညီကိုတွေကို လက်တက်စမ်း ပစ်မှတ်ကို ပစ်ခိုင်းပါသည်။ ကရင့်ဒေသတွေမှာ တူမီးသေနတ်နဲ့  ဓါးမြတိုက်တာ၊ ခိုက်ရာဖြစ်၊ ပစ်သတ်ကြတာ ဆိုဒါ တခါမှမရှိဖူးပါ။

ကရင်နှစ်သစ်ကူးရောက်တိုင်း အိမ်ရှေ့ ၊ အိမ်အောက် သေနတ်ပစ်ဖေါက်ပြီး နှစ်ဟောင်းမှ အညစ်အကြေးတွေ၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်တာ၊ နှစ်သစ်ကို သေနတ်ပစ်ဖေါက်ကြိုဆိုတာ တွေဟာ ကရင်လူမျိုးတို့ ရဲ့ ယဉ်ကျေးမှု ရိုးရာ ဓလေ့ တစ်ခုပဲဆိုတာ နားလည်ထားဖို့ လိုပါသည်။ အဲဒါ ဘာကို ဖေါ်ပြလည်းဆိုရင် ကရင်လူမျိုးတွေ သေနတ်ကိုင်ဆောင်တာဟာ သူတို့ သေနတ်ကို တန်ဖိုးထား မြတ်နိုးပြီး အရေးကြီးတဲ့ နေရာမှာ ထုတ်သုံးတယ်ဆိုဒါ သက်သေ သဓက တွေပဲ။

ခေတ်တွေ က တိုးတက်လာတော့ တူမီးသေနတ်မှ မောင်းပြန်ရိုင်ဖယ် သေနတ်ဆီသို့ ပြောင်းလည်း ကိုင်ဆောင် သင့်ရင် ကိုင်ဆောင်ကြရပါမည်။ ခေတ်ရေစီးကြောင်းနဲ့ အညီ လိုက်လျှောညီတွေစွာ ကျနော်တို ရဲ့ ရိုးရာ ဓလေ့ကို ထိမ်းသိမ်း မြင့်တင်ကြရပါမည်။

“ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ စောဘဦးကြီးရဲ့ မူတချက်ဟာ ကရင့်အမျိုးသားများ အပေါ်ကျရောက်မည့် အန္တရယ်ကို ကာကွယ်ရန်အတွက် သက်သက်မဟုတ်ပဲ ရှေးပ၀ီသဏီ ကတည်းက ကရင်လူမျိုးတွေ သေနတ်ကိုင်ဆောင်တာဟာ ရိုးရာ ဓလေ့ တခုလို ဖြစ်နေတယ် ဆိုတာ ကရင်အမျိုးသားတိုင်း နုလုံးသွင်းမူကြပါ။

အိမ်တစ်အိမ်မှာ အနည်းဆုံး သေနတ် တစ်လက်ရှိတဲ့ တို့ တစ်တွေရဲ့ ရိုးရာ ဓလေ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုကို ဆက်လက်ထိမ်းသိမ်းကြပါစို့  ကရင်အမျိုးသားအပေါင်းတို့ .....


ဟေနေသား
၃၁၊ ၀၈၊ ၂၀၁၀

Type the rest of your post here.

No comments:

Post a Comment