ondragstart="return false" onselectstart="return false"

Monday, August 30, 2010

မော်ချီး-တောင်ငူ ကားလမ်းစီမံကိန်းသည် စုစည်းကျေးရွာအဖြစ် ကျေးရွာများ ပြောင်းနေရဖွယ်ရှိ

ရေးသားသူ - ကို(၂) တနင်္လာနေ့, 30 သြဂုတ်လ 2010

အပစ်ရပ် ကရင်နီသွေးစည်းညီညွတ်ရေးနှင့် စစ်အစိုးရတပ်တို့ ပူးပေါင်းစီစဉ်နေသော ကရင်နီပြည်နယ်မှ မော်ချီး-တောင်ငူသို့ ကားလမ်း ဖောက်လုပ်ရေးအတွက် ဖောက်လုပ်မည့် လမ်းကြောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသည် စုစည်းကျေးရွာအဖြစ် ပြောင်းရွှေ့ နေထိုင်ရဖွယ်ရှိမည်ဟု သိရသည်။

ကားလမ်း ဖောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူး ထူးကားရီနှင့် ဗိုလ်မှူး တယ်နယ် ဦးဆောင်သော ကရင်နီသွေးစည်း ညီညွတ်ရေး (ကေအဲန်အက်အို ခေါ် ကြယ်ဖြူ)နှင့် တပ်ရင်းမှူး ရဲထွန်း ကြီးမှူးသော ခြေမြန်တပ်ရင်း (ခမရ) ၃၃၇ တို့သည် ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် မော်ချီးဒေသရှိ ကျေးရွာပေါင်း ၃၀ ၏ ခေါင်းဆောင်များနှင့် အစည်းအဝေး ခေါ်ယူပြုလုပ်ခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

ထိုအစည်းအဝေးတွင် ကားလမ်း ကောင်းမွန်စွာ ဖောက်လုပ်နိုင်ရေးအတွက် ဖောက်လုပ်မည့် လမ်းကြောင်းနှင့် အနီးပတ်ဝန်းကျင်၌ နေထိုင်သော ကျေးရွာများသည် ပြောင်းရွှေ့ရန် လိုအပ်ပါက မော်ချီးမြို့ အနီးရှိ စုစည်းကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ကြရလိမ့်မည်ဟု ကြယ်ဖြူ အဖွဲ့နှင့် စစ်အစိုးရတပ်တို့မှ ကျေးရွာလူထုများအား အသိပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ပြောင်းရွှေ့ရမယ့် နေ့ရက်နဲ့ ဘယ်နေရာသို့ ပြောင်းရွှေ့နေထိုင်ရမည် ဆိုတာကို အသိရသေးပါဘူး။ စုစည်းကျေးရွာမှာ ဒုက္ခအမျိုးမျိုးနဲ့ ကြုံရနိုင်ပါတယ်” ဟု အထက်ပါ ဒေသခံတဦးက ပြောသည်။

ကြယ်ဖြူနှင့် စစ်အစိုးရတပ်တို့သည် ၎င်းတို့ ကာလမ်း ဖောက်လုပ်ရေး စီမံကိန်းကို အကောင်အထည် ဖော်မည့် အချိန်ကြလျှင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်သော ကရင်နီတပ်ဖွဲ့တို့မှ နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း သူက ဆက်ပြောသည်။

အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်တို့ စီစဉ်နေသော ကားလမ်း ဖောက်လုပ်ရေး စီမံကိန်းသည် မည်သည့် ရည်ရွယ်ချက်ကြောင့် အသိပေးခြင်း မရှိသေးသော်လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးအတွက်သာ ဖြစ်နိုင်သည်ဟု ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုစုရေးအဖွဲ့မှ ဒါရိုက်တာ တော်ရယ်ပိုးက သုံးသပ်ပြောဆိုသည်။

၎င်းက “စစ်အစိုးရက လမ်းဖောက်ချင်တဲ့ ရည်ရွယ်ချက်က နယ်စပ်တွေမှာ လုပ်နေတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ ဆက်စပ်နေနိုင်တယ်။ ဥပမာ ၀ဲကြီးသို့ ဆင်းမယ်။ ဒီကို တက်လာမယ် သံလွင်တို့ပေါ့။ သူတို့ လုပ်တော့မယ်ဆိုရင် လမ်းကို တလမ်း၊ နှစ်လမ်း ထားချင်တယ်။ လမ်းပန်းဆက်သွယ်ရေးကို အဲလိုထားချင်တယ်။ အဲလို ဖြစ်နိုင်တယ်လေ” ဟု ပြောပါသည်။

ကားလမ်းကို မည်သည့် အချိန်မှ စတင်ဖောက်လုပ်မည်ကို အတိအကျ မသိရသေးကြောင်း၊ အကယ်၍ ဒေသခံကျေးရွာများသည် အမှန်တကယ် စုစည်းကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခံရပါက ရွှေ့ပြောင်းသွားရန် ဆန္ဒမရှိကြကြောင်း ဒေသခံက ဆက်ပြောသည်။

မော်ချီး-တောင်ငူ ကားလမ်း ဖောက်လုပ်ရန်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် စစ်အစိုးရတပ်မှ ခမရ ၃၃၇နှင့် ခလရ ၇၂ စစ်ကြောင်းတို့သည် အပစ်ရပ် ကြယ်ဖြူ အဖွဲ့နှင့်အတူ မော်ချီးဒေသရှိ ပွာဒို၊ ဟိုးဆာခီး၊ မဲဝါကျေးရွာများသို့ သွားရောက်ကြည့်ရှု ခဲ့သေးသည်။ ထို့နောက် ဇွန်လ ၂၉ ရက်နေ့တွင် ကြယ်ဖြူ အဖွဲ့သည် မော်ချီးဒေသရှိ ကျေးရွာကြီး ၈ ရွာနှင့် ရွာငယ် ၄ ရွာတို့အား အစည်းအဝေး ခေါ်ယူပြုလုပ်ခဲ့သေးသည်။
http://www.ktimes.org

No comments:

Post a Comment