ondragstart="return false" onselectstart="return false"

Tuesday, August 24, 2010

ရွေးကောက်ပွဲဝင်ရန် ဗိုလ်ချုပ်ကြီးများ အနားပေးခံရ

ရန်ပိုင် Tuesday, August 24, 2010

ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက်ဟု ဆိုကာ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) အပါအ၀င် ထိပ်တန်း စစ်ဘက် အရာရှိကြီးများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်ရှိ တာဝန်မှ အနားပေး လိုက်ကြောင်း သိရသည်။

ယခု ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးနှင့် စစ်ဗိုလ်ချုပ်များကို မတ်လက နေပြည်တော်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ မှူး) များဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် တို့အပြင် တပ်မတော် စစ်ဆင်ရေးနှင့် စာရင်းစစ်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ရှိန်၊ တပ်မတော် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၊ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ကို ရာထူးမှ အနားပေးခြဲ့ခင်း ဖြစ်သည်ဟု နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ပြောသည်။

“ဒုတိယ ဗိုလ်ချုပ်ကြီး ၄ ယောက်ကလွဲရင် ကျန်တဲ့လူတွေ အကုန်ပါတာ၊ ရုတ်တရက်ကြီးဆိုတော့ ဗိုလ်ချုပ်ကတော် အဘွား ကြီး တချို့ဆိုရင် ထင်မထားလို့ အံ့သြပြီး ငိုတောင် ငိုကြတယ်၊ တပ်ထဲမှာ နာဂစ် မွှေနေပြီလို့ ပြောနေကြတယ်”ဟု၎င်းက ဆိုသည်။

ကစထ မှူးကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် တပ်မတော် လေ့ကျင့် ရေး အရာရှိ ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် တို့သာ စစ်တပ် အတွင်း လက်ရှိ ရာထူးများဖြင့် ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ဒုတိယ ဗိုလ်ချုပ်ကြီးများ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ အမိန့်ကြေညာစာကို စစ်တိုင်းများနှင့် စစ်ဒေသများသို့ တရားဝင် ထုတ်ပြန်ခြင်းမရှိဘဲ ယင်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီးများကိုသာ ပေးအပ်ကြောင်း၊ နောင်တွင် စစ်ဆင်ရေးအထူးအဖွဲ့(ကစထ) ဆိုသည့် ရာထူးတာဝန်များကို ထားရှိတော့မည် မဟုတ်ဟု ကြားသိရကြောင်း အဆိုပါ နီးစပ်သူကဆိုသည်။

၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးသည့် နောက်ပိုင်း စစ်တပ်ထဲတွင် ဗိုလ်ချုပ်များ ပေါများလာသောကြောင့် စစ်ဆင်ရေး အထူး အဖွဲ့(ကစထ)ကို ၆ ဦး အထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ နောင်တချိန်တွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာနိုင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းကို စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏ နေရာတွင် ခန့်အပ်လိမ့်မည် ဆိုသည့် ခန့်မှန်းချက်များလည်း စစ်တပ်အတွင်း ထွက်ပေါ်နေကြောင်း သိရသည်။

ရာထူးမှ အနားပေးခြင်းခံခဲ့ရသည့် တခြားသော စစ်ဘက်ဆိုင်ရာ အရာရှိများသည် ကြံဖွံပါတီ ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် စည်းရုံးရေး ဆင်းရန်သွားရောက်နေပြီဖြစ်ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း မန်ကပ်မြို့နယ်ရှိ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရခိုင်လူမျိုး ဗိုလ်မှူးချုပ် လှမောင်တင် ဆိုလျှင် ရာထူးမှ အနားပေး ခြင်းခံရပြီး ရခိုင်ပြည်နယ် အတွင်း စည်းရုံးရေး ဆင်းရန် စေလွှတ်ထားကြောင်း သိရသည်။

တခြား စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကလည်း ကရင်ပြည်နယ် သံတောင်မြို့ရှိ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြင့်နောင်၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်များမှ စကခ မှူးများဖြစ်သည့် ကျောက်မဲမြို့ အခြေစိုက် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် စံမြင့်ဦး အပါအ၀င် ကလေးမြို့အခြေစိုက် စကခ(၁၀)မှ စကခမှူး၊ ရေးမြို့အခြေစိုက် စကခ(၁၉)တို့မှ ဗိုလ်မှူးချုပ် အဆင့်ရှိ (စကခ)မှူး ၂ ဦး ကိုမူ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်သည်ဟု ပြောသည်။

“ဒီလူတွေက အခုလက်ရှိ ရာထူးတွေမှာ ကြာပြီ၊ ရာထူးလည်း မတက်၊ တိုင်းမှူးလည်းမဖြစ်နဲ့ အပြောင်းအရွှေ့ထွက်တော့ သဘော ကျနေကြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဗိုလ်မှူးချုပ် လေးဦးကို နိုင်ငံခြားတိုင်းပြည်များတွင် သံတမန်ရာထူးခန့်အပ်လိမ့်မည်ဟု ထင်ကြောင်း၊ လက်ရှိ အင်္ဂလန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးနေ၀င်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးခင်မောင်စိုး အပါအ၀င်
တခြားသံအမတ်ကြီး လေးဦးကို ပြန်လည်ခေါ်ယူထားသည်ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။

လစ်လပ်သွားသည့် ထိုရာထူးအဆင့်ဆင့်ကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် တိုင်းမှူးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဆင်းထားသည့် ဗိုလ်မှူးကြီးများဖြင့် အစားထိုးမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့များ မပြုလုပ်သည်မှာ တနှစ်နီးပါးရှိပြီ ဖြစ်သည့်အတွက် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ရသည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (NDC)ကိုလည်း ပြီးခဲ့သည့် နှစ် စက်တင်ဘာလကတည်း ထပ်မံဖွင့် လှစ်ခြင်း မရှိပေ။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ဗျူဟာမှူး အဆင့်ရှိသည့် ဗိုလ်မှူးကြီးများသာ တက်ရောက်ခွင့်ရှိပြီး ယခင်က ရန်ကုန်မြို့ တွင် ထားရှိသော်လည်း နောက်ပိုင်းတွင် နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။

အစိုးရသည် ယခင်က စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့ များကို အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်းအဝေး (လေးလပတ် အစည်းအဝေး) များအပြီးတွင် ပုံမှန်ထုတ်ပြန်လေ့ရှိသည်။

နောက်ဆုံး ရရှိသော သတင်းများအရ ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး တို့ကိုလည်း ရာထူးမှ အနားပေးပြီး ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြကြောင်း သိရသည်။ ယင်း ဗိုလ်ချုပ်ကြီး ၂ ဦးသတင်းနှင့် ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
http://www.irrawaddy.org/bur/index.php/news/1-news/3903-2010-08-24-10-45-53

No comments:

Post a Comment