ondragstart="return false" onselectstart="return false"

Saturday, August 14, 2010

၂၀၁၀ ရွေးကောက်ပွဲ ဒီမိုကရေစီမဖော်ဆောင်နိုင်ဟု မိုင်းပွန်ကျမိုင်းသုံးသပ်

Friday, 13 August 2010 19:09 မွေခေါဝ်

နအဖစစ်အုပ်စု ပြုလုပ်မည့်၂၀၁၀ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် စစ်မှန်သည့်ဒီမိုကရေစီဖော်ဆောင်ပေး နိုင်မည်မဟုတ်ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူလုပ်ကြံခံခဲ့ရသော မိုင်းပွန်စော်ဘွားစ၀်စံထွန်း၏သားက ပြောဆိုပါ သည်။

စ၀်ဆေဟုမ်

“၂၀၀၈ နားဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ချို့ယွင်းအားနည်းချက် ကန့်သတ်ချက်တွေချည်းဘဲ။ လွှတ်တော်မှာ စစ်တပ်အတွက် နေရာပေးထားတဲ့ဖွဲ့စည်းပုံဆိုတာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူး” ဟု စ၀်ဆေဟုမ်က သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။

စ၀်ဆေဟုမ်က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၆၂ ၌ ဗိုလ်နေ၀င်းဖောက်ဖျက်လိုက်ခြင်းသည် စစ်တပ်အာဏာ သိမ်းနိုင်ရန် အစပျိုးလိုက်ခြင်းဖြစ်သည်ဟုပြောဆို၏။ ၎င်းကမြန်မာနိုင်ငံ၏အခြေအနေအနှစ်ချုပ်ကို ဤကဲ့သို့သုံးသပ် သည်။

မြန်မာနိုင်ငံတွင် လူတန်းစားနှစ်ရပ်သာရှိကြောင်း၊ ပထမလူတန်းစားမှာ ဒေါ်လာသန်းပေါင်းမြောက်မြားစွာ ပိုင်ဆိုင်သည့် စစ်ခေါင်းဆောင်နှင့်မိသားစုဆွေမျိုးအသိုင်းအ၀ိုင်း၊ ဒုတိယလူတန်းစားမှာ ထမင်းရေငဲ့သောက် ရသည့် ပြည်သူလူထုဟူ၍ နှစ်မျိုးနှစ်စားသာရှိကြောင်း ထောက်ပြသည်။
မိုးမိတ်မြို့နယ်တွင် စော်ဘွားခေတ်က ကြိုးဝိုင်းသစ်တောအကွက် ၃၀ ပိုင်းထားပြီး ကျွန်းပင်များအနှစ် ၃၀ အလှည့်ကျ တစ်ကွက်ပြီးတစ်ကွက်ခုတ်ယူကြောင်း၊ တစ်နှစ်တစ်ကွက်ခုတ်တိုင်းပြန်လည်အစားထိုးစိုက်ပျိုး သောကြောင့် အနှစ်သုံးဆယ်ကြာသောအခါ ခုတ်ယူနိုင်ကြောင်း၊ ယခုအခါ ထိုကဲ့သို့စနစ်တကျခုတ်ယူခြင်း အချိန်မီပြန်လည်စိုက်ပျိုးခြင်း မရှိသည့်အတွက် တပြည်လုံးသစ်တောများပြုန်းတီးနေကြောင်းလည်း သာဓက ပြသည်။
ဒုတိယကမ္ဘာစစ်မတိုင်မီ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် နိုင်ငံခြားသို့ဆန်တင်ပို့မှု အများဆုံးဖြစ်ခဲ့ရာမှ မဆလ/န၀တခေတ်နောက်ပိုင်း များစွာကျဆင်းခဲ့သည်။ စစ်အုပ်စုက ယခင်ကထက်ပို၍တင်ပို့နိုင် စေရမည်ဟုကြုံးဝါးပြီး စီမံခန့်ခွဲမှုညံ့ဖျင်းစွာဖြင့် လယ်သမားများအား သီးထပ်စိုက်ပျိုးစေသော်လည်း မအောင်မြင်ပေ။

နယ်ချဲ့အင်္ဂလိပ်က ခွဲခြားအုပ်ချုပ်သည့်ပေါ်လစီကျင့်သုံးခဲ့သည်ဟု အာဏာရစစ်အုပ်စုက စွပ်စွဲသော်လည်း အမှန်စင် စစ်မှာ ဗမာဘုရင်များလက်ထက်ကတည်းကပင် ကျင့်သုံးလာခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်မှုရှိကြပါ။ တစ်စိတ်တစ်ဝမ်းတည်း အတူတကွရပ်တည်ကြပါ။ ဘယ်သူကမှ မိမိလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာမဟုတ်။ မိမိဖာသာလုပ်ယူရမှာဖြစ်တယ်” ဟု စ၀်ဆေဟုမ်က ပြောပါသည်။

စ၀်ဆေဟုမ်သည် မိုင်းပွန်မြို့၌ ၁၉၃၅ တွင် ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူ မိုင်းပွန်စော်ဘွားစ၀်စံထွန်း လုပ်ကြံသတ်ဖြတ် ခံရစဉ်တွင် အသက် ၁၂ နှစ်သာရှိသေးသည်။ ဖခင်ကွယ်လွန်ပြီးနောက် ဦးကြီးဖြစ်သူ မိုးမိတ်စော်ဘွားစ၀်ခွန်ချိုနှင့် နေထိုင်ပြီး ဥပဒေပညာကိုသင်ယူခဲ့သည်။ ၎င်းသည် ၁၉၆၁ ဖယ်ဒရယ်စနစ်ရေးဆွဲတောင်းဆိုရာ၌ အဓိကပါဝင်ခဲ့သော ကြောင့် ထောင်ဒဏ်ကျခံခဲ့ရသည်။ ယခုသြစတေးလျနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

No comments:

Post a Comment