ondragstart="return false" onselectstart="return false"

Monday, April 14, 2014

ရိုးသားမှုရှိရင် နားလည်လွယ်တဲ့ ပြည်ထောင်စုစံနစ် ရှင်းလင်းချက်

မြန်မာစစ်တပ်နဲ့ တပြည်ထောင်ဝါဒီတွေက ပြည်ထောင်စုဆိုတာကို နယ်ပယ်အသီးသီးထဲဝင်ပြီး ကြောက်စရာကောင်းအောင် နှစ်(၆၀)ကျော်ကြာ ချောက်လှန့် နေခဲ့ကြပေမဲ့ ဘာကြောင့် မကောင်းဘူးဆိုတာကိုတော့ အချက်အလက်ထိထိမိမိနဲ့ ထောက်ပြခဲ့တာတွေမရှိခဲ့ပါဘူး။
ဒီတော့ သူတို့ ကြောက်နေတာဟာ ပြည်ထောင်စုစံနစ်ကိုလား တမျိုးသားကြီးစိုးရေးဝါဒ ပျယ်ပျက်မှာကိုလားဆိုတာလဲ သဲသဲကွဲကွဲမရှိပါ။

သူတို့ ရဲ့ အကောင်းဆုံးရှင်းပြချက်တခုဘဲရှိတာက ၀ါးအစည်းပြေရင် ဒူးပေါ်တင်ပြီးချိုးပစ် ခံရနိုင်တယ်ဆိုတာရယ် နွားကွဲကျားကိုက်ဆိုတာရယ်စတဲ့ ကလေးပုံပြင်လေးတွေပါဘဲ။ ဒါကလွဲပီးတခြား ပိုမိုအားကောင်းတဲ့ ပုံပမာတွေမရှိခဲ့ပါ။
တခြံထဲမှာ ကျားရောနွားရောရှိနေရင် နွားကွဲကျားကိုက်ဆိုတဲ့ စောဒကဟာတောင် သုံးလို့ မရပါဘူး။ ကျားနဲ့ နွားတခြံထဲနေရင် ဘယ်သူကဘယ်သူ့ ကိုစားမလဲဆိုတာက ရှင်းပြနေစရာ လိုတဲ့အကြာင်းမဟုတ်လို့ ပါ။ဒီတော့ ဒီအဆိုအကြောင်းပြချက်လောက်နဲ့ တိုင်းရင်းသားတွေကို ဂွင်ခတ်ချုပ်နှောင်ထားတာဟာ အလွန်မှ တရားနည်းလမ်းမကျတဲ့ ဖိနှိပ်မှု အဖြစ်ကိုရောက်တာပါ။

မရိုးသားတဲ့နိုင်ငံရေးပညာရှင်တွေအတော်များများကလည်း ပြည်ထောင်စုဆိုတာ အမျိုးမျိုးရှိတယ်ဆိုပြီး ရေရာတဲ့ရှင်းလင်းချက်တွေအစား နားလည်မှုပိုရှုတ်ထွေးအောင်နဲ့ ပိုပြီးခက်ခဲတဲ့ ပညာရပ် တခုဖြစ်နေအောင် ရှုတ်ဖွထားကြတာလဲတွေ့ ရပါတယ်။

အမှန်က ပြည်ထောင်စုဆိုတာဘာလဲကို နိုင်ငံရေးနားမလည်တဲ့ သာမန်ပြည်သူလူထုတိုင်းနီးပါးက ရိုးရိုးသားသားတွေးမြင်တတ်ရုံနဲ့ နားလည်သိရှိနိုင်ပါတယ်။ စဉ်းစားတွေးခေါ်ပုံ Mindset တွေ ပျက်စီး နေရင် ဒါမျမဟုတ် မရိုးမဖြောင့်ဖြစ်နေရင်တော့ သာမန်လူမဆိုထားနဲ့  နိုင်ငံရေးပါရဂူကြီးဖြစ် နေရင် တောင် နားမလည်မှာမဟုတ်ပါဘူး။

တကယ်တော့ပြည်ထောင်စုဆိုတာ မိသားတစုပိုင်အိမ်ထောင်စုတခုနဲ့လုံးဝ မတူဘဲ ရွာတရွာနဲ့ တူတဲ့ လူ့ အဆောက်အအုံတခုပါ။ မိသားစုပိုင်အိမ်ထောင်စု ဆိုတာက မိဘ သားသမီးတွေလောက်သာပါဝင်တဲ့ အငယ်ဆုံးလူ့ အဆောက်အအုံလေးဖြစ်တယ်။ ပိုက်ဆံတတ်နိုင်ရင်တတ်နိုင်သလို သားသမီးတဦးစီအတွက် အခန်းလေးတွေဖွဲ့ ထားမယ်။ မတတ်နိုင်ရင်လဲ တယောက်တထောင့် နေကြမယ်ပါ့။ တမိသားစုသွေးချင်းတွေမို့  တဦးချင်းလုံခြုံမှုမရှိလဲ မတော်တရော်ကိစ္စအလုပ်ခံရတာမျိုးတွေ မရှိပါဘူး။ နောက်ပြီး မိဘတွေရှာဖွေလာတဲ့ ၀င်ငွေနဲ့ သားသမီးတွေအားလုံး မျှမျှတတဝေမျှခံစားကြမှုတွေကလဲ သဘာဝအတိုင်းဖြစ်ပေါ်နေပါတယ်။ ဘာသာစကား ယဉ်ကျေးမှုပိုင်းမှာလဲ တခုထဲဖြစ်နေတာမို့ 
ဟိုဘာသာစကားထွန်းကားလာရင် ဒီဘာသာစကားမှေးမှိန်သွားမယ်ဆိုတဲ့ အဖြစ်တွေလဲ မပေါ်ပေါက်ပါဘူး။ ဒီသဘာဝအနေအထားမျိုးရှိတဲ့ နိုင်ငံတနိုင်ငံဟာ မိသားစုစံနစ်ပုံစံကိုယူပြီး တပြည်ထောင်နိုင်ငံဖွဲ့ စည်းတဲ့အခါ အပြန်အလှန်ထိခိုက်နစ်နာမှုမရှိပါဘူး။

ဒါပေမဲ့ လူ့ အဆောက်အအုံတခုဟာ အမျိုးတော်သူတွေလဲရှိ၊ အမျိုးမဟုတ်သူ တွေရဲ့ အိမ်ထောင်စုတွေလဲရှိနေရင် သူ့ အိမ်နဲ့ သူနေထိုင်နိုင်ကြတဲ့ စနစ်ကိုမကျင့်သုံးလို့ မရနိုင်ပါဘူး။ တချို့ မိသားစုမှာ တောင့်ဖြောင့်ဖြူဝင်းတဲ့ သမီးချောလေးတွေရှိပြီးတချို့မိသားစုမှာ ကြွက်သားကျော ဖြိုင်းဖြိုင်းထနေတဲ့ သားကြီးတွေရှိမယ်။ တံခါးမရှိဒါးမရှိ အိမ်တလုံးထဲ အတူနေကြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ခဲအို ခယ်မ ဇာတ်ရှုတ်တွေလဲ ဖြစ်လာနိုင်တယ်။ တအိမ်ထဲနေ မိသားစုတစုရဲ့ ချွေးနဲစာကို တခြားမိသားစုတွေကလဲ ထမင်းဝိုင်းတ၀ိုင်းထဲမှာ ၀ိုင်းစားကြသောက်ကြ လုကြယက်ကြ ခိုးကြ၀ှက်ကြမယ်ပေါ့…
ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူတဲ့ မိသားတွေအကြားမှာ တခုကို အဓိကထားသုံးရင် တခြားဘာသာယဉ်ကျေးမှုတွေကလဲ အလိုလိုမှေးမှိန်သွားမဲ့ အကျိုးဆက်တွေကလည်းရှိနေတယ်။
ဒီတော့ ဒီသဘာဝအနေအထားမျိုးရှိတဲ့ နိုင်ငံတနိုင်ငံကို မိသားစုစနစ်တပြည်ထောင်နိုင်ငံဖွဲ့ စည်း ဖို့ ဆိုတာလုံးဝမသင့်တော်ပါဘူး။ ကျေးရွာစနစ်ကိုပုံစံယူတဲ့ ပြည်ထောင်စု စနစ်ကိုသာ မလွဲမသွေကျင့်သုံးရမှာပါ။ ဒီသဘောတရားမူနဲ့ ကြည့်ရင် ပြည်ထောင်စုဆိုတာဘာလဲ၊ ဘာ့ကြောင့်ပြည်ထောင်စုဖြစ်ရမလဲဆိုတာကို လူဗြိန်းကအစနားလည်တဲ့ ရိုးရိုးရှင်းရှင်းကိစ္စ တခုဖြစ်ကြောင်းတွေ့ ရမှာပါ။အချိန်ကုန်ခံပြီး လေ့လာလေရှုတ်ထွေးလေဖြစ်မဲ့ဘယ်တိုင်းပြည်နဲ့မှလဲ ယှဉ်ပြနေစရာမလိုပါဘူး။

ရွာတရွာကိုဖွဲ့ စည်းရင်ဘယ်လိုဖွဲ့ ရလဲဆိုတဲ့ မူကြိုနိုင်ငံရေးပညာအဆင့်လောက် ကိုယ့်မှာရှိနေရင် တောင် ပြည်ထောင်စု ဆိုတာဘာလဲဆိုတာကို ကောင်းကောင်းနားလည်တည်ဆောက်ဖွဲ့ စည်းနိုင်ပါပြီ။
မဖွဲ့ နိုင်တာက ခုလိုနားမလည်လို့ လဲမဟုတ် တဘက်နဲ့တဘက် ငုံထားမတတ်ချစ်ကြလို့ လဲမဟုတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ အပိုင်စီးလိုမှု တွေကြာင့်သာဖြစ်ပါကြောင်း…..
လေးစားလျှက်ပါ
အဂ္ဂ

1 comment:

Unknown said...

ကောင်ူ

Post a Comment