ondragstart="return false" onselectstart="return false"

Monday, July 28, 2014

ဖယ်ဒရယ်ပြည်ထောင်စုကို အာမခံရင် ဝေါဟာရတစ်ချို့ကို လျှော့ပေးတော့မလား

Posted by: Kamayut Media

အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းနိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် မူကြမ်းထဲက နိုင်ငံရေးဝေါဟာရတစ်ချို့ကို လျှော့ချပေးမယ်လို့ PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ဇူလိုင် ၂၇မှာ ပြောဆိုလိုက်ပါပြီ။ အငြင်းပွားဖွယ်ရာ ဝေါဟာရတွေက ဘာလဲ။

ဖယ်ဒရယ်ပြည်ထောင်စုအတွက် သေချာတဲ့ အာမခံချက်တွေသာရရင် တော်လှန်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စတဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အမြင်သဘောထား မတူညီသေးတဲ့ အသုံးအနှုန်းတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ လိုင်ဇာမှာ ကျင်းပနေတဲ့ ထိပ်သီးညီလာခံရဲ့ ဦးဆောင်ကော်မတီဝင် ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ဆိုပါတယ်။

တိုင်းရင်းသားညီလာခံ တတိယမြောက်နေ့ ဇူလိုင် ၂၇မှာတော့ ညီလာခံကို တစ်ရက် ရပ်နားခဲ့ပြီး ညနေပိုင်းမှာ ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေက ကျင်းပခဲ့ပြီးတဲ့ ၂ရက်ကြာ ဆွေးနွေးမှုတွေကို KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့က လိုင်ဇာဟိုတယ်မှာ ပြန်လည်သုံးသပ်မှုတွေ လုပ်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေက တော်လှန်ရေးဆိုတဲ့အသုံးအနှုန်းကို မြန်မာစစ်တပ်က လက်မခံနိုင်ဘဲ ဖြစ်နေတဲ့အပေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့အတွင်းရေးမှူး စဝ်ခွန်ဆိုင်းက ဝေါဟာရထက်စာရင် အနှစ်သာရက အဓိကဖြစ်တာကြောင့် အပေါ်ယံတွေဟာ ထင်သလောက် အရေးမကြီးပါဘူးလို့ ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဒုတိယဥက္ကဌ ခူးဦးရယ်ကတော့ ဦးဆောင်ကော်မတီအနေနဲ့ ညီလာခံမှာ ဆုံးဖြတ်ရခက်တဲ့အနေအထားရှိရင်တောင် အားလုံးသဘောတူနိုင်မယ့် အကောင်းဆုံးဖြစ်နိုင်ခြေတွေကို နည်းလမ်းရှာပြီး လမ်းကြောင်းပေးရမှာပဲလို့ ပြောပါတယ်။ ဒီ တတိယအကြိမ် တိုင်းရင်းသား ထိပ်သီးညီလာခံအပြီးမှာတော့ နှစ်ဖက်ကြား သဘောတူညီမှု မရသေးတဲ့ တော်လှန်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ ဝေါဟာရတွေကို အပြီးသတ် ဆုံးဖြတ်နိုင်မယ်လို့ ဆိုပါတယ်။
http://www.kamayutmedia.com/news/politics/704

No comments:

Post a Comment