ondragstart="return false" onselectstart="return false"

Monday, December 1, 2014

ဖက်ဒရယ် တပ်မတော်မူ အစိုးရလက်မခံ၊ အချိန်ယူရန်လိုဟု မန်းငြိမ်းမောင် ဆို

"ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ပေးထားပြီးထားဗျ " ဦးအောင်မင်း

Written by သိင်္ဂီထွန်း၊ ဖနိဒါ

ဖက်ဒရယ်တပ်မတော်

ပဲခူး (မဇ္ဈိမ)။ ။ “ကျွန်တော်တို့ဘက်ကလည်း ပြန်ကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ပေးထားပြီးထားဗျ။ ဒါက သဘောလေးနဲ့ စဉ်းစားလိုက်ရင် အဲဒီဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ဆွေးနွေးရမယ့် အစား အဲဒါကို အရင်ဆွေးနွေးဖို့လိုပါတယ်။ အဲဒါကို ဆွေးနွေးလိုက်ရင် ဖက်ဒရယ် ရဲတပ်ဖွဲ့၊ ဖက်ဒရယ် တပ်မတော်တို့ဆိုတာ Automactically ပါသွားမှာဖြစ်တယ်။ သူတို့က စိုးရိမ်စိတ်ကြီးစွာနဲ့ ဖက်ဒရယ် Army ကို ဆွေးနွေးမယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး” ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

န်ာဝေ နိုင်ငံခြားရေး ဝန်ကြီးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းတို့ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ပဲခူးမြို့ရှိ ဟံသာဥယျာဉ်ဟိုတယ်တွင် နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) လည်း တက်ရောက်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရေးဆိုင်ရာများကို ထုတ်ဖော်ပြောဆိုကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကလည်း ဖက်ဒရယ် တပ်မတော်သည် လက်ရှိ တပ်မတော်နှင့် ပူးပေါင်းညှိနှိုင်း ထူထောင်မှသာ သင့်တော်မည်ဖြစ်ပြီး တိုင်းရင်းသားများက ဖက်ဒရယ်တပ်မတော်တစ်ခု သီးသန့်တောင်းဆိုမှုသည် သဘာဝမကျဟုဆိုပြီး ဖက်ဒရယ်တပ်မတော် ထူထောင်ရန်မှာလည်း အချိန်ယူရန်လိုသည်ဟုဆိုသည်။

“ဒီနေ့တိုင်းပြည်မှာ ဖက်ဒရယ်တပ်မတော်ကို ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ကျွန်တော်က မငြင်းပယ် ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်မှာ ပဋိပက္ခ နှစ်ပေါင်း ၆၀ကျော် ဖြစ်ခဲ့တဲ့တိုင်းပြည်။ ဒီတိုင်းပြည် မှာ ဖက်ဒရယ်တပ်မတော် တည်ထောင်ဖို့ဆိုတာ အချိန်ယူရမှာဖြစ်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားများဘက်ကမူ ဝန်ကြီး ဦးအောင်မင်းပြောသည့် ဖက်ဒရယ် ပြည်ထောင်စု ပေးထားပြီးဖြစ်သည် ဆိုသောအချက်ကို လက်မခံနိုင်ဟု ဆိုသည်။

“ဖက်ဒရယ်က ဘယ်မှာပေးထားလို့လဲ” ဟု တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။
အစိုးရနဲ့တပ် အတူတူ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း တပ်နှင့် အစိုးရသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရတစ်ဖွဲ့ တည်းသာဖြစ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် UPWC နှင့် တပ်မတော်တို့ တစ်လတစ်ကြိမ် အစည်းအဝေးလုပ်လေ့ရှိပြီး တပ်နဲ့ အစိုးရတစ်သဘောတည်းဟု မဇ္ဈိမကို ပြောသည်။

“အခုတပ်ပိုင်းဆိုင်ရာတွေ ခက်ခဲနေတယ်ဆိုတာကလည်း တပ်ကတော့ကြည့်တဲ့အခါမှာ Security Point of View (လုံခြုံရေးရှုထောင့်)ကပဲ သူကြည့်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရကတော့ နိုင်ငံရေးကို ဦးစားပေးပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့လည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေက အခက်အခဲမရှိနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးအောင်မင်းက ပြောသည်။
တစ်နိုင်ငံလုံးအပစ်ရပ်ရေးအခြေအနေ

လက်ရှိတွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖွဲ့ထားသည့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးကော်မ တီ (NCCT) တို့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ဆွေးနွေးမှုတွင် ဖက်ဒရယ်တပ်မတော်ကိစ္စ၊ တပ်နေရာချ ထားရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့်အချက်များ အပါအ၀င်အချက်ရှစ်ချက် ကျန်ရှိနေသေးသည်။

“အဲဒါတွေကြောင့် တွေ့ဆုံဆွေးနွေးပွဲမှာ တစ်ဆို့သွားတဲ့ အခြေအနေတွေပေါ့” ဟုလည်း ဖဒိုမန်းငြိမ်း မောင်က ဖက်ဒရယ်တပ်မတော်ကိစ္စကို ရည်ရွယ်၍ ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကမူ “Ceasefire လုပ်တဲ့အခါ Compre-hensive Ceasefire ကို မရောက်သေးတဲ့အတွက် ကျွန်တော်တို့က တပ်နေရာချထားရေးတွေ မလုပ်နိုင်သေးပါဘူး။ Code of Conduct တွေလည်း မဆွဲရသေးပါဘူး။ Joint Monitoriting Team တွေလည်း မဖွဲ့ရသေးပါဘူး။ အဲဒီ အတွက် ယုံကြည်မှုတွေ ပြန်လျော့သွားတာမျိုးရှိတတ်ပါတယ်။ အဲ့ဒီ့ယုံကြည်မှုတွေကြောင့် ကျွန်တော်တို့က NCCT နဲ့ ဆွေးနွေးတဲ့အခါမှာ ကြန့်ကြာနေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်း အစိုးရနှင့် ကေအိုင်အေတို့ နိုဝင်ဘာလအတွင်းတိုက်ပွဲငယ်များရှိခဲ့သလို နိုဝင်ဘာ ၁၉ ရက်က ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်းပေါ် လက်နက်ကြီးကျ၍ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့သုံးဖွဲ့မှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရပြီး စစ်ရေး တင်းမာမှုများ ဖြစ်ပွားခဲ့သေးသည်။

တိုက်ပွဲများကြောင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုရေး လုပ်ငန်းစဉ်ကိုမူ သက်ရောက်မှု ကြီးမားစွာရှိမည်မဟုတ်ဟု နှစ်ဖက် စလုံးက ဆိုသော်လည်း ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် ညှိနှိုင်းဆွေးနွေးမှုကိုမူ NCCT ဘက်က ရွှေ့ဆိုင်းထားပြီး ခရစ္စမတ်မတိုင်မီ တွေ့ဆုံနိုင်ရန် အစိုးရက ပြန်လည်အဆိုပြုထားသည်။ အစိုးရ၏ မြန်မာ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) ကိုယ်စားလှယ်များကမူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တိုင်းရင်းသားအဖွဲ့များထံ သွားရောက်ကာ ဆွေးနွေးပွဲ စရေးကြိုးပမ်းလျက်ရှိသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကပံ့ပိုးပေးနေသော နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Børge Brende ကမူ တိုးတက်မှုများရှိသော်လည်း အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ များစွာအောင်မြင်မှု မရှိသေးဟု မှတ်ချက်ပြုသည်။

“ကချင်ပြည်နယ်မှာဆိုရင် ပစ်ခတ်မှုကိုရပ်ဆိုင်းအောင် ပြုလုပ်ဖို့လိုနေပါသေးတယ်။ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကရင်ပြည်နယ်က မတည်ငြိမ်မှုတွေဟာလည်း အရပ်သား တွေအတွက်ကြီးမားတဲ့ အခက်အခဲပြဿနာ ဖြစ်နေပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ထိထိရောက်ရောက် အောင်မြင်အောင်လုပ်ဖို့ လိုနေပါတယ်” ဟု Brende က ပြောသည်။

လက်ကျန်အစိုးရ သက်တမ်းတွင် အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ စနိုင်မည်ဟု ဦးအောင်မင်းက ပြောသည်။
http://mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/33719-2014-12-01-04-08-38

No comments:

Post a Comment