ondragstart="return false" onselectstart="return false"

Saturday, July 25, 2015

NCA မူကြမ်းပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စ အပါအဝင်အချက်အချို့ သဘောတူညီမှုမရ

ကေအိုင်စီ - ဇူလိုင် ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်ရပ်ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ် စားလှယ်အဖွဲ့(EAOs-SD)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)တို့ NCA မူကြမ်း အချောသတ်နိုင်ရေးအတွက် ရန်ကုန်မြို့၌ ၈ကြိမ်မြောက်ဆွေးနွေးပွဲ ပြီးစီးသွားသော်လည်း အချက် အချို့ နှစ်ဖက်သဘောတူညီမှုမရရှိသေးဟု EAOs-SD ဘက်က ပြောသည်။

EAOs-SD နှင့် UPWC တို့ တနိုင်ငံလုံးဆိုင်ရာအပစ်ရပ် စာချုပ် (NCA) မူကြမ်း အချောသတ်နိုင်ရေးအတွက် ဇူလိုင် ၂၂ မှ ၂၄ ရက်နေ့ ထိ ရန်ကုန်မြို့၊ ရွှေလီလမ်း၊ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်းရေးဗဟိုဌာန၌ ၈ ကြိမ်မြောက်ဆွေးနွေးပွဲကျင်းပခဲ့ပြီး တိုင်းရင်းသားများ အဆိုပြုထားသည့် အချက် ၁၃ ချက်အနက် ၁၀ ချက် ကိုသာသဘောတူညီခဲ့ပြီး ကျန်အချက်များကို နှစ်ဖက် ခေါင်းဆောင်များထံ ပြန်လည်ညှိနှိုင်း ဆွေးနွေး သွားမည် ဖြစ်သည်ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက အခုလိုပြောသည်။

“ NCA ထဲမှာ ကျနော်တို့ အဓိက ကျန်တာကတော့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းလို့ ခေါ်တဲ့ SSR-DDR ကိစ္စဖြစ်ပါတယ်။ ပြေလည်သွားတာတော့ မဟုတ်သေးဘူး၊ ဒီကိစ္စကို ကျနော်တို့ NCCT ခေါင်းဆောင် တွေစုတဲ့ Compound Cenrter ကို ယူသွားပြီးတော့ ဆွေးနွေးရဦးမှာဖြစ်ပါတယ်” ဟု EAOs-SD ဒုအဖွဲ့ ခေါင်းဆောင် ပူဇင်ကျုံးက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် NCA အတွက် တိုင်းရင်းသားအနေဖြင့်အစိုးရနှင့် စတင်ဆွေးနွေးစဉ်ကတည်းက တိုင်းရင်းသား အဖွဲ့များအားလုံး ပါဝင်ရေးမူကို ကိုင်စွဲခဲ့သော်လည်း NCCT အဖွဲ့များအားလုံးအပစ်ရပ် စာချုပ်တွင်ပါဝင်လက် မှတ်ရေးထိုးရေးကို အစိုးရအနေဖြင့် လက်မခံသေးသလို နိုင်ငံရေးဆွေးနွေးပွဲကြမှသာ အားလုံးပါဝင်ရေးနည်း လမ်းကိုစဉ်းစားမည်ဟု အဆိုပြုလာပြီး ယင်းအချက်ကိုလည်း နှစ်ဖက် ခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ပြန်လည်ဆွေးရဦးမည်ဟု ပူဇင်ကျုံးက ဆက်ပြောသည်။

လက်ရှိဆွေးနွေးပွဲ အခြေအနေနှင့်ပက်သက်၍ MPC မှ ဦးလှမောင်ရွှေက “ လောခီးလာက တင်ပြထားတဲ့ ၁၃ ချက်ထဲက ၁၀ ချက်ကတော့ ညှိနှိုင်းပြီးသားဖြစ်သွားပါပြီး။ နှစ်ချက်ကလည်း နှစ်ဖက် ခေါင်းဆောင်တွေကို အတည်ပြုချက်ယူ ရမှာဖြစ်သလို တစ်ချက်ကတော့ နှစ်ဖက်ခေါင်းဆောင်တွေဆီမှာ တင်ပြပြီးတော့ညှိနှိုင်း ရမှာဖြစ်တဲ့အတွက် လာမဲ့ အစည်းအဝေးက အဲ့တချက်ထဲပဲညှိနှိုင်းရမယ်လို့ လည်းပြောလို့ရတယ် ” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အထက်ပါ သဘောတူညီမှုမရသေးသည့် အချက်များကို ဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်များထံ ပြန်လည်ညှိနှိုင်း ဆွေးနွေးကာ EAOs-SD နှင့် UPWC တို့လာမည့် သြဂုတ်လဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကာ ယင်းဆွေးနွေးပွဲသည် NCA အချောသတ်နိုင်ရန် အဓိက ဆွေးနွေးပွဲဖြစ်လာနိုင်သည်ဟု နှစ်ဖက် တာဝန်ရှိသူများကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကိုယ်စားလှယ်များနှင့် အစိုးရတို့ ၁၇ လကြာတရားဝင်ဆွေး နွေးပွဲ ၈ ကြိမ်ပြုလုပ်ခဲ့ပြီး အလွတ်သဘော အကြိမ် ၄၀ ဆွေးနွေးခဲ့ပြီးနောက် NCA မူကြမ်းအတွက် အချက်အများစု သဘောတူညီမှုရရှိထားကာ ကျန်ရှိသည့် အဓိက အချက်အချို့ သြဂုတ်လဆန်းပြုလုပ် ၉ ကြိမ်မြောက်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ကြောင်း သိရသည်။


No comments:

Post a Comment