ondragstart="return false" onselectstart="return false"

Wednesday, October 7, 2015

တိုက်ပွဲဆက်ဖြစ်ရင် အန်စီအေ မထိုးတဲ့အဖွဲ့ရော ထိုးတဲ့အဖွဲ့ပါ ထိခိုက်နိုင်တယ် – ပဒို နော်စီဖိုးရာစိန်

By နော်နိုရင်း
7 October 2015

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့ ပြည်ထောင်စုအစိုးရတို့ လာမယ့် အောက်တိုဘာ ၁၅ ရက် နေပြည်တော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေပါပြီ။

ကေအန်ယူ လက်မှတ်ထိုးမယ့်အပေါ်မှာ ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုး အကြားမှာ သဘောထားကွဲနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို နော်စီဖိုးရာစိန်ကို မေးမြန်းထားပါတယ်။

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာဆိုရင် ကေအန်ယူ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုတော့မယ်ဆိုတော့ ပဒိုနော်စီဖိုးရာစိန်ရဲ့ သဘောထား ဘယ်လိုရှိလဲ သိချင်ပါတယ်။

“ကျမတယောက်တည်း သဘောထားကို ပြောရမယ်ဆိုရင်တော့ အများတွေနဲ့အတူ လက်မှတ်ထိုးမယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်။ အခုဟာက အနည်းစုကပဲ ထိုးမယ်ဆိုတော့ စိုးရိမ်စရာဖြစ်တယ်။”

ပဒိုနော်စီဖိုးရာစိန်အနေနဲ့ ဒီလိုသဘောထားရှိတဲ့ အခါကျတော့ ဒီခေါင်းဆောင်တွေကို တင်ပြဆွေးနွေး ပြောဆိုတာတွေ မရှိဘူးလား။

“ကျမထင်တယ်။ ကျမတို့ ခေါင်းဆောင်တွေကတော့ ဒီရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ထိုးဖို့ အစိုးရနဲ့ ဆွေးနွေးပြောဆိုပြီးသား ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ထိုးသင့်တယ်လို့ ယူဆပါတယ်။”

ဒီလက်မှတ်ထိုးမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကရင်လူမှုအဖွဲ့အစည်း တော်တော်များများကလည်း လက်မခံနိုင်တာတွေ၊ ဝေဖန်မှုတွေ ရှိနေတယ်။ ဆိုတော့ ဒီကိစ္စပေါ် အချင်းချင်းအကြား ပြဿ နာတွေ၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်လား။

“ဒီကိစ္စကတော့ ကျမထင်တယ် သူတို့ကို နားလည်အောင် ပြန်ရှင်းပြရမှာပေါ့နော်။ ပြည်သူလူထုတွေက ဒီအကြောင်းအရာတွေကို အသေးစိတ် မသိတဲ့အခါကျတော့ စိုးရိမ်ပူပန် နေကြတာပေါ့။ ဘာလို့လဲဆိုတော့ အစောပိုင်းက အားလုံး (သို့မဟုတ်) အများစုပါဝင်ရေး ပြောထားတယ်။ ဒါပေမယ့် အခုက အနည်းစုကပဲ ပါဝင်တယ်ဆိုတော့ သူတို့အနေနဲ့က စိုးရိမ်တာပေါ့နော်။ နောက်ပြီး ဒီ အန်စီအေစာချုပ်ကို ကြည့်မယ်ဆိုရင် ဒီကိစ္စ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့က အဓိပ္ပာယ်မရှိသလို ဖြစ်သွားတာပေါ့နော်။”

ဒါဆိုရင် အားလုံးပါဝင်လာနိုင်ဖို့ အေအန်ယူအနေနဲ့ ဘယ်လို ဆက်လုပ်ဖို့ရှိလဲ။

“ကျန်တဲ့သူတွေ ပါဝင်လာဖို့ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ တခြား တိုင်းရင်းသားတွေ မပါဝင်ရတဲ့ အဓိက အကြောင်းအရင်း နံပါတ် ၁ က လက်ရှိ ကချင်ပြည်နယ်အတွင်း၊ ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေ မရပ်သေးဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ဒါကြောင့် စိုးရိမ်စရာဖြစ်နေတာက ဒီ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအားလုံး မပါဝင်ရင်၊ ပါဝင်ခွင့်မရဘဲ အနည်းစုကပဲ ထိုးမယ်၊ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် မထိုးသေးတဲ့ အဖွဲ့ကိုလည်း ထိခိုက်နစ်နာမှာဖြစ်သလို ထိုးတဲ့အဖွဲ့တွေကိုလည်း ထိခိုက်နိုင်ပါတယ်။”

အခု ကေအန်ယူအဖွဲ့ အတွင်းမှာလည်း ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌက သဘာထားမတူဘူး၊ အမြင်တွေ ကွဲပြားနေတယ်၊ ဥက္ကဋ္ဌကတော့ ထိုးမယ်၊ ဒု-ဥက္ကဋ္ဌ အနေနဲ့က အားလုံးပါဝင်ရင် ပိုကောင်းတယ်ဆိုတဲ့ အမြင်တွေ ရှိနေတဲ့အခါကျတော့ ဒီအပေါ်မှာ ပဋိပက္ခ ဖြစ်လာနိုင်ပြီး အဖွဲ့က ကွဲသွားနိုင်တဲ့ အနေအထားရှိလား။

“ကျမတို့အနေနဲ့ကတော့ ပြဿ နာမဖြစ်လာအောင် ဆွေးနွေးကြရမှာပေါ့။”

တချို့လူတွေကလည်း ကေအန်ယူကနေ ဒီကေဘီအေ ခွဲထွက်သွားသလို ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်။

“အဲလိုကွဲသွားတဲ့ အခြေအနေအထိ ရှိမလာနိုင်ဘူးလို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ အရင် ဒီကေဘီအေ ကွဲသွားတဲ့ကိစ္စက တမျိုးပါ့။ ရန်သူတွေရဲ့ စီစဉ်ဆောင်ရွက်မှု အဆင့်ဆင့်ကနေ ဖြစ်ပေါ်လာတဲ့ ပြဿ နာဖြစ်တယ်။ ဒါပေမယ့် အခုကိစ္စမှာကတော့ အဲလောက်ထိ ဖြစ်မယ်လို့ မထင်ပါဘူး။”

လက်မှတ်ထိုးမယ့်ခေါင်းဆောင် (ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး) က ရန်ကုန်မှာ သွားနေတယ်လို့ သိရတယ်။ နောက်ဆက်တွဲ အခြေအနေ ဘယ်လိုရှိလဲ။

“တခြားတော့ ထွေထွေထူးထူး မရှိပါဘူး။ သူတို့ လက်မှတ်ထိုးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သွားဆွေးနွေးတိုင်ပင်နေကြတယ်။ ဘယ်တော့ထိုးမလဲ။ ဘယ်လို အစီအစဉ်ဆွဲမလဲပေါ့။”

နောက်တခု ကျမတို့ ကြားသိရသလောက် လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ နယ်စပ်က ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ရှိတယ်။ နေရာတွေကိုလည်း စီစဉ်နေပြီလို့ ကြားရတယ်။ အဲဒီအခြေအနေကကော ဘယ်လိုရှိပါသလဲ။

“အဲဒီကိစ္စကတော့ ကျမ မသိဘူး။ ကျမတို့ ကေအန်ယူ ဗဟိုကော်မတီ အစည်းအဝေးမှာဖြစ်စေ၊ ကော်မတီအတွင်း အစည်းအဝေးမှာဖြစ်စေ လက်မှတ်ထိုးပြီးရင် ဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုတဲ့ အစီအစဉ်မျိုး တခါမှ မဆွေးနွေးဖြစ်ပါဘူး။ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ ကျမတို့ရဲ့ ပေါ်လစီကတော့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်မြောက်ပြီးနောက်ပိုင်း ဒုက္ခသည်တွေအတွက် အာမခံချက်ရှိမှ ပြန်ပို့ရင် ပြန်ပို့ပေါ့။ အခု လက်မှတ်ထိုးပြီးရင် ပြန်ပို့မယ်ဆိုတဲ့ အစီအစဉ်မျိုး မရှိပါဘူး။”

ကျမတို့ကြားသိရတာက ဒုက္ခသည်တွေ ပြန်ဖို့ဆိုပြီး ဂျပန်က အကူအညီနဲ့ အဆောက်အဦတွေ ဆောက်နေပြီး လက်မှတ်ထိုးပြီးရင် ကေအန်ယူက ဒုက္ခသည်တွေကို ခေါ်မယ်ဆိုပြီး သတင်းတွေ တက်နေလို့လေ။

“အဲဒီကိစ္စကတော့ ကျမတို့လည်း မသိဘူး။ သတင်းတွေကတော့ ဒီလိုပဲထွက်နေတယ်။ ဒါပေမယ့် မေးမြန်းကြည့်တဲ့အခါမှာ ဘယ်သူမှ ဒီကိစ္စကို ဂဃဏန မသိဘူး။ ဒုက္ခသည်တွေ ပြန်ဖို့ကတော့ အစိုးရဘက်ကတော့ အမြဲပြောတယ်ပေါ့နော်။ လက်မှတ်ထိုးပြီးရင် ဒုက္ခသည်တွေကို ပြန်ခိုင်းပြီး သူတို့ ကြည့်ရှုစောင့်ရှောက်မယ်လို့ သူတို့ အမြဲပြောပါတယ်။ ဒါပေမယ့် ကျမတို့ဘက်ကတော့ ဒီကိစ္စကို လက်ခံမယ်ဆိုတာရော၊ လုပ်ဆောင်မယ်ဆိုတာပါ တခါမှ မပြောဖူးပါဘူး။ အရင်တုန်းက ဒီဒုက္ခသည်တွေပြန်ဖို့ နေရာ ၉ ခု ပြင်ဆင်ထားတယ်လို့ ကြားရတယ်။ ဒါပေမယ့် ကျမတို့ လိုက်မေးတဲ့အခါမှာတော့ ဘာမှ တိတိကျကျမရှိပါဘူး။”

No comments:

Post a Comment